အာဖဂန်မှာ ကုလသမဂ္ဂရဲ့ အမျိုးသမီး အလုပ်သမားတွေကို တာလီဘန်တွေ ပိတ်ပင်

0
8075

ကဘူးလ် – ဒီဇင်ဘာ(၃၀) 

အာဖဂန်နစ္စတန်မှာ အမျိုးသမီးအလုပ်သမားတွေကို တာလီဘန်က ပိတ်ပင် လိုက်တဲ့အတွက် အရေးကြီးတဲ့ ပရိုဂရမ်တချို့ ယာယီရပ်ဆိုင်းထားလိုက်ရသလို တခြား လှုပ်ရှား မှုတွေလည်း ခေတ္တရပ်နားထားရတော့မှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ 

ကုလသမဂ္ဂအေဂျင်စီနဲ့ အကူအညီပေးရေး အစုအဖွဲ့တွေရဲ့ အကြီးအကဲဖြစ်တဲ့ ကုလသမဂ္ဂအကူ အညီပေးရေးအကြီးအကဲ မာတင်ဂရစ်ဖစ် က အကူအညီပေးဝေမှုမှာ အမျိုးသမီး တွေရဲ့ ပါဝင်မှု ဟာ ညှိနိုင်းရမှာမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်လို့ တောင်းဆိုထားတာပါ။ 

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ အမျိုးသမီးတွေကို ပိတ်ပင်တာဟာ အာဖဂန်အားလုံးအတွက် အသက်အန္တရာယ်ကို ချက်ချင်းထိခိုက်စေပါတယ်၊ အခုအခါမှာ အမျိုးသမီး ဝန်ထမ်းတွေ မရှိတဲ့အတွက်ကြောင့် ခေတ္တရပ်နားခဲ့ရပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အသိုက်အဝန်းတစ်ခုအနေနဲ့ လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ ကန့်သတ်ချက်တွေကို လျစ်လျူရှုလို့မရဘဲ အသက်ကယ်ဖို့နဲ့ အချိန်နဲ့ အမျှ လှုပ်ရှားမှု တွေကို ဆက်ပြီး ကြိုးစားရမှာဖြစ်သလို အမျိုးသမီး ကယ်ဆယ်ရေးလုပ်သားတွေမပါဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေမပေးနိုင်တာကြောင့် လှုပ်ရှားမှုတွေကို ရပ်ဆိုင်ထားရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အမျိုးသမီး အကူအညီပေးရေး လုပ်သားတွေကို ပိတ်ပင်လိုက်တယ်လို့ တာလီဘန်တွေက ကြေညာတာဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အမျိုးသမီးတွေ တက္ကသိုလ် တက်ရောက်ခွင့် ပိတ်ပင် လိုက်တာနဲ့ အထက်တန်းကျောင်းတက်ရောက်ခွင့် ရပ်ဆိုင်းခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်တယ်လို့ သိရပါတယ်။ 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉီ (WFP)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊  UNICEF၊ ကုလဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊ UNHCR/HR နဲ့ UN တို့ရဲ့ အကြီးအကဲတွေ လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်မှာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကို လူ့အဖွဲ့အစည်းအတွက် ပံ့ပိုးကူညီတာကနေ ဖယ်ထုတ်ဖို့ ဘယ်နိုင်ငံမှ မလုပ်သင့်ဘူးလို့ ဖော်ပြထားပါတယ်။ 

အမျိုးသမီးအကူအညီပေးရေး လုပ်သားတွေကို ပိတ်ပင်တာဟာ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီပေးရေးအပေါ်မှာ မှီခိုနေရတဲ့ အာဖဂန်ပြည်သူသန်းပေါင်းများစွာရဲ့ အသက် ရှင်သန်မှုအတွက် အန္တရာယ်ဖြစ်စေတယ်လို့ ဆိုထားပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာ အုပ်စုကြီးလေခုကလည်း အမျိုးသမီး ဝန်ထမ်းမပါဘဲ သူတို့ရဲ့ ပရိုဂရမ်တွေကို မလုပ်ဆောင်နိုင်တဲ့အတွက် လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်ထားတယ်လို့ ပြောပါတယ်။ 

အာဖဂန်နစ္စတန်မှာ လူပေါင်း (၂၈) သန်းကျော်ဟာ အငတ်ဘေးအန္တရာယ်၊ စီးပွားရေး ကျဆင်းမှု၊ ဆင်းရဲမွဲတေမှုနဲ့ ပြင်းထန်တဲ့ ဆောင်းရာသီတို့နဲ့ ရင်ဆိုင်ရချိန်မှာ အခုလိုပိတ်ပင်တားမြစ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

တာလီဘန်တို့ အာဏာသိမ်းပြီးနောက်ပိုင်း မိန်းကလေးတွေရဲ့ ပညာရေးကို အကြီးအကျယ် ပိတ်ပင်တာတွေလုပ်ဆောင်နေသလို အမျိုးသမီးအခွင့်အရေးတွေ သိသိသာသာ ချိုးဖောက်နေ တဲ့အတွက် နိုင်ငံတကာက တာလီဘန်အစိုးရကို အသိအမှတ်မပြုထားပါဘူး။ 

အမျိုးသမီး အကူအညီပေးရေး လုပ်သားတွေကို ပိတ်ပင်ထားတာကို ပြန်လည်ပယ်ဖြတ်ပေးဖို့နဲ့ ကျောင်းပြန်တက်ခွင့်ပြုဖို့ နိုင်ငံပေါင်း (၁၂) နိုင်ငံနဲ့ အီးယူတို့က တာလီဘန်တွေကို တောင်းဆို ထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.