မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂)
စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်တာကာလအတွင်း မွန်ပြည်နယ်ရဲ့ စီးပွားရေး ၄၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတယ်လို့ စီးပွားရေး လုပ်ငန်းရှင် တွေက ပြောပါတယ်။
စီးပွားရေး ကျဆင်းရတာဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ဆောင်မှု ကန့်သတ်ခံရတာ၊ မြန်မာငွေ တန်ဖိုး ဆက်တိုက် ကျဆင်းလာတာ၊ ကုန်ကြမ်းပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်လာတာနဲ့ ကုန်သွယ်ဖို့ အခက်ကြုံမှုတွေကြောင့် လုပ်ငန်းတွေ ပုံမှန်အတိုင်း မလည်ပတ်နိုင်မှုနဲ့ အဓိက သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။
အခုလို အခြေအနေတွေကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက်ပင် မနည်းကြိုးပမ်း ရုန်းကန်းနေရတယ်လို့ လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။
“ကျွန်တော်နဲ့ နီးနီးစပ်စပ် ရှိတဲ့ လုပ်ငန်းရယ် ကျွန်တော်တို့ လုပ်ငန်းရယ်ပေါ့လေ အဲ့ဒီအပေါ်မှာ ကြည့်လို့ ရှိရင်တော့ အခုလက်ရှိ အခြေအနေ ထိကတော့ (၄၀)ရာခိုင်နှုန်းလောက် ကတော့ လျော့ကျ သွားပါတယ်၊ (၄၀)ရာခိုင်နှုန်းလောက် ကတော့ ကြပ်တည်း သွားတာပေါ့၊ အဓိက ဘဏ်ကိစ္စတွေ အခုထိ မပြီးသေးဘူး၊ နောက် လူတွေရဲ့ ဝင်ငွေပေါ့ အလုပ်အကိုင် တွေကလည်း ပုံမှန် မဖြစ်နိုင်သေးဘူး၊ နောက် ခရီးသွားတာကလည်း ပုံမှန် မဖြစ်သေးဘူး၊ အားလုံးပေါ့လေ လုပ်ငန်းတိုင်း လုပ်ငန်းတိုင်းကတော့ ပုံမှန်အနေအထား ကတော့ ပြန်မရောက် သေးဘူးပေါ့၊ အားလုံးကတော့ အကျဉ်းအကြပ် ထဲမှာပဲ ရှိတယ်၊ အဲ့တာကြောင့် ကျွန်တော်တို့ စီးပွားရေး လုပ်ငန်းရှင် တိုင်းကတော့ ကိုယ့်လုပ်ငန်းမှာ ရပ်တည် နိုင်ဖို့ကတော့ တော်တော်လေကို ကြိုးစားပမ်းစား ရုန်းကန် နေရတာပေါ့လေ” လို့ ဆိုပါတယ်။
တဖက်မှာလည်း စီးပွားရေးလုပ်ငန်းအများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အရှုံးနဲ့ဆက်တိုက် ရင်ဆိုင်နေရတဲ့အတွက် လုပ်ငန်းတွေ ရပ်နားခဲ့ကြပါတယ်။
အဲ့ဒီအထဲမှာတော့ ဟိုတယ်လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေက အများဆုံး ထိခိုက်ခဲ့ကြပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ တစ်နှစ်အတွင်း စီးပွားရေးလုပ်ငန်း အများစုဟာ အမြတ်ရဖို့ထက် လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက် ဦးစားပေး ကြိုးပမ်းနေတယ်လို့ လုပ်ငန်းရှင်တစ်ဦးက အခုလို ဆိုပါတယ်။
“လုပ်ငန်းကတော့ လုပ်တဲ့သူကတော့ ရသလောက် ထိန်းပြီးတော့ သွားနေတယ်၊ ဒါပေမယ့် အသစ် လုပ်နိုင်တဲ့သူက မရှိတော့ဘူးပေါ့နော် အသစ်လုပ်ဖို့က ဒီအချိန်မှာ ဘယ်သူမှလည်း အသစ် မလုပ်နိုင်ဘူး၊ နောက် လုပ်ငန်းကြီးတွေ ဆိုလို့ရှိရင် လည်ပတ်ဖို့ပဲ သူတို့အတွက် ဦးစားပေးတယ်၊ ထပ်ချဲဖို့တို့ ဘာတို့ ဘာမှ မလုပ်နိုင်တော့ဘူး အဲ့လိုမျိုး တစ်ချို့တွေတောင်မှ လျော့ကုန် ကြပြီးလေ၊ ဝန်ထမ်းသစ် မခန့်တော့ဘူး၊ ကျွန်တော်တို့ရဲ့ အသိတွေထဲမှာ ဆိုလို့ရှိရင် အသစ်မခန့် နိုင်တော့ဘူး” လို့ ဆိုပါတယ်။
ဒါကြောင့် စီးပွားရေး လုပ်ငန်းတွေ ဒီအခြေအနေအတိုင်း ဆက်လက်ရင်ဆိုင်နေရမယ်ဆိုရင် ရေရှည်မှာ လုပ်ငန်းတွေ အများစု ရပ်နားရမှာဖြစ်ပြီး စီးပွားကျဆင်းမှု ဆက်တိုက် ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာဘဏ်ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ရေရှည်မှာ ပိုမို ဆုတ်ယုတ်လာနိုင်သလို ဆင်းရဲမွဲတေမှုလည်း အရင်ကထက် ၂ ဆ ပိုနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

