CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းဖို့ စစ်ကောင်စီ စာရင်းကောက်

0
8835

မော်လမြိုင် ၊ ဧပြီ (၆)

အာဏာသိမ်းစစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်တဲ့ CDM ပညာရေးဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းဖို့ စစ်အုပ်စုက စာရင်းကောက်နေပါတယ်။

ပညာရေးဝန်ကြီးဌာနလက်အောက် အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ် ၊ ဒီဂရီကောလိပ် ဌာနတွေက CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီမတိုင်ခင်မှာလည်း CDM ဝန်ထမ်းတွေကို တာဝန်ကနေ နှုတ်ထွက်စေတာတွေ ၊ ဝန်ထမ်းအိမ်ယာကနေ ပြောင်းရွှေ့စေတာတွေကို ဖိအားပေး လုပ်ခိုင်းခဲ့ပါတယ်။

CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းတာဟာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ မကိုက်ညီဘဲ လုပ်ချင်သလို လုပ်တာဖြစ်တယ်လို့ မော်လမြိုင်တက္ကသိုလ်က ဆရာမတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုဆို ပညာရေးဝန်ကြီးဌာနအောက်က CDM လုပ်တဲ့ ဆရာဆရာမတွေကို အမည်ပျက်စာရင်းသွင်းဖို့ လုပ်နေကြပြန်ပြီး၊ ဝန်ထမ်းတစ်ဦးကို အရေးယူမယ်ဆိုရင် လုပ်ထုံးလုပ်နည်းဥပဒေရှိပါတယ်။ ပထမဆုံးဝန်ထမ်းက ခွင့်မဲ့ပျက်ကွက်နေရင် ဝန်ထမ်းဥပဒေအတိုင်း လုပ်သက် လစာလျှော့တာ၊ စာပို့အကြောင်းကြားတာ သတိပေးတာက အစ အဆင့်ဆင့်လုပ်ပြီးမှ ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးမှုတွေလုပ်ပြီးမှ အလုပ်ထုတ်ကြတာပါ။ အခုက ခွင့်မဲ့အလုပ်မဆင်းတာကို နိုင်ငံတော်ပုန်ကန်မှုမြောက်တာတဲ့လား၊ ခုဆိုလာပြန်ပြီး အမည်ပျက်စာရင်းထည့်ဖို့ လုပ်နေကြပြန်ပြီး ဒါတွေက ဝန်ထမ်းဥပဒေနဲ့မညီပဲ လိုရာကို စိတ်ကြိုက်ဆောင်ရွက်နေကြတာပါ”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ မော်လမြိုင်တက္ကသိုလ်က ပညာရေးဝန်ထမ်းတွေအပါအဝင် အခြေခံပညာဦးစီးဌာနက ပညာရေးဝန်ထမ်းတွေပါ အာဏာသိမ်းစစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

အလားတူပဲ မီးရထားဝန်ထမ်းတွေ အပါအဝင် အခြားဌာနဆိုင်ရာဝန်ထမ်းတွေကလည်း CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေပါတယ်။

CDM မှာပါဝင်တဲ့ မီးရထားဝန်ထမ်းတွေကိုတော့ ပြီးခဲ့လပိုင်းမှာ ဝန်ထမ်းအိမ်ယာကနေ ဖိအားပေးရွှေ့ပြောင်းခိုင်းခဲ့တာကြောင့် အများစုက အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်ပြန်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.