စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ လျော့ကျလာ

0
10112
ဖေဖော်ဝါရီ (၂၂) မော်လမြိုင်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှု

မော်လမြိုင် ၊ ဧပြီ (၆)

မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်အပါအဝင် မြို့နယ်တချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေဟာ ဖေဖော်ဝါရီလ အစောပိုင်းနဲ့ယှဉ်ရင် တဖြည်းဖြည်း အားနည်းလာပါတယ်။

မွန်ပြည်နယ်မှာ လူ(၈)ဦးသေဆုံးတဲ့အထိ စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက် လူထုလှုပ်ရှားမှု လျော့ကျလာတာ ဖြစ်ပါတယ်။

လူထုအင်အား ရာနဲ့ချီ ဝန်းရံထားတဲ့ သပိတ်စစ်ကြောင်းတွေ မရှိတော့ဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေး အမာခံလူငယ်တွေ ပါဝင်တဲ့ ပြောက်ကျားသပိတ် စစ်ကြောင်းတွေသာ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်နေပါတယ်။

အမာခံ လူငယ်တွေကတော့ သူတို့ဖန်းတီးထားတဲ့ ပြောက်ကျားသပိတ် ၊ လူမဲ့သပိတ် ၊ ပိုစတာသပိတ် အစရှိသဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုပြီး လူမှုကွန်ယက်ပေါ်ကနေ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြပါတယ်။

မော်လမြိုင်လူငယ်တွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အရုပ်သပိတ် ( ဓာတ်ပုံ – mawlamyine’s voice)

မော်လမြိုင်မြို့မှာတော့ စစ်အုပ်စု သတင်းပေးတွေ များပြီး လူစုလို့မရအောင် စစ်တပ်က ဖြိုခွင်းနေတာကြောင့် လူထုပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေ လျော့ကျလာတာလို့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေက အခုလို ပြောပါတယ်။

“ဖေဖော်ဝါရီလထဲမှာတော့ လူထုရဲ့ဝန်းရံမှုက အများကြီး ရှိပါတယ်။ ပစ်ခတ်မှုတွေ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း နည်းလာတယ်။အခုက အမာခံတွေပဲ ရှိတော့တယ်။ ငြိမ်တယ်ဆိုတာက ဒလံတွေရဲ့ သတင်းပေးမှုကတွေကြောင့် ဖြစ်မယ်။ စစ်တပ်ကလည်း ကျွန်တော်တို့ လူစုလို့ မရအောင် အကြမ်းဖက်နေတယ်” စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုသန့်စင်လင်းထက်က ပြောပါတယ်။

စစ်အုပ်စုကတော့ မော်လမြိုင်အပါအဝင် မြို့နယ်အားလုံးမှာ ဖြန့်ကျက်ထားပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှုားမှုတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေပါတယ်။

ဆန္ဒဖော်ထုတ်မှုတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့လို့ ဧပြီလ (၆)ရက်နေ့အထိ သေဆုံးသူ (၈) ဦးရှိပြီး အရပ်သားတွေလည်း ပါဝင်နေပါတယ်။

စစ်အုပ်စုက အကြမ်းဖက်လို့ မွန်ပြည်နယ်အတွင်း ကျဆုံးခဲ့သူများ

ဒါကြောင့် လူထုအနေနဲ့ လမ်းပေါ်ထွက် အကြမ်းမဖက် ဆန္ဒဖော်ထုတ်မှုတွေအစား ပြောက်ကျားစနစ်တွေကို အသုံးပြုပြီး ထိပ်တိုက်ရင်ဆိုင်မယ့်နည်းလမ်းတွေကို အသုံးချဖို့ လိုလာပြီးလို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားသပိတ်ခေါင်းဆောင်တွေကတော့ သုံးသပ်ထားပါတယ်။

“ ကျွန်တော်တို့က ဒီလိုအချိန်မှာ ပြောက်ကျားစနစ် လုပ်ရင်လုပ်။ မလုပ်ရင် ထိပ်တိုက်ရင်ဆိုင်ပြီး သူချကိုယ်ချ လုပ်တာက ပိုကောင်းမယ်။လမ်းပေါ်ထွက်ပြီး ဒို့အရေး ဒို့အရေးအော်တဲ့ အခြေအနေတွေက ကုန်ဆုံးသွားပြီး။ ဒီလိုအချိန်မှာ အဲ့လိုသွားလုပ်နေရင်လည်း အသေအပြောက်ပဲ များလိမ့်မယ်။ အကြမ်းမဖက်တဲ့နည်းတွေကို ကျွန်တော်တို့ လုပ်ခဲ့ပြီးပြီး ။ ဒါပေမယ့် ကျွန်တော်တို့ လုံးပါး ပါးလာပြီး။ နေ့ခင်းဘက် ဆန္ဒပြတယ် ညဘက် ဖမ်းခံရတယ်”လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မင်းသံစဉ်ဦးက ဆိုပါတယ်။

အခုလို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လို့ ကျိုက်မရောအကျဉ်းထောင်မှာ အဖမ်းခံထားရသူ (၁၀၀) နီးပါးရှိပြီး အများစုက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅)နှင့် တရားရင်ဆိုင်နေရပါတယ်။

နိုင်ငံတဝှမ်းက အထင်ကရ မြို့ကြီးတွေမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေဟာ ဆက်ရှိနေပြီး အဖမ်းခံထားရသူ ထောင်နဲ့ချီပြီး ဖြစ်သလို သေဆုံးသူကလည်း (၅၇၀)ကျော်ပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.