မော်လမြိုင် ၊ မတ် (၂၄)
မွန်ပြည်နယ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ် (၁၆) ဦးကို အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ (၅၀၅) နှင့် အမှုဖွင့် တရားစွဲဆိုထားပါတယ်။
အမှုဖွင့်ခံရသူတွေထဲမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကတော့ ဖမ်းဆီးခံထားရပြီး ကျန်တဲ့ကိုယ်စားလှယ်တွေကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။
ဒေါ်မာမာခိုင်ကိုတော့ မတ်လ (၂၅)ရက်နေ့မှာ ရုံးထုတ် စစ်ဆေးမယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ သူ့ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပုဒ်မ ၅၀၅ နှင့် အမှုဖွင့်ထားတဲ့အပြင် အဂတိလိုက်စားမှုတွေနှင့်ပါ စုံးစမ်းစစ်ဆေးနေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
ကျန်တဲ့ NLD ကိုယ်စားလှယ် (၁၄)ဦးကိုလည်း ပုဒ်မ ၅၀၅ နှင့် ကနဦး အမှုဖွင့်ထားပြီး လက်ရှိ အခြေအနေတွေတော့ မသိသေးဘူးလို့ NLD ပါတီ မွန်ပြည်နယ်အတွင်းရေးမှူး ဦးငွေမြင့်က ပြောပါတယ်။
“လက်ရှိအခြေအနေကတော့ အန်ကယ်တို့လည်း သေချာမသိရသေးဘူး။ သူတို့ဘက်ကလည်း ဘာမှထပ်ပြီး ဆောင်ရွက်တာ မရှိဘူးပေါ့။ လွှတ်တော်ကိုယ်စားလှယ် ၁၆ယောက်ကိုတော့ ပုဒ်မ ၅၀၅ နဲ့ လုပ်ဖို့ အစီစဉ်ရှိတယ်ပေါ့နော်”လို့ ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဟာ လက်ရှိဆန္ဒဖော်ထုတ်မှုတွေကို ဦးဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပြင် လူမှုကွန်ယက်ပေါ်မှာ လှုံ့ဆော်ရေးသားတယ်ဆိုပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)၊(ခ) နှင့် အမှုဖွင့် တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်