သီရိမင်္ဂလာအိမ်ရာ ရဲအင်အား အမြောက်အများ ဝင်ရောက်ရှာဖွေ ၊ ဖမ်းခံရသူ မရှိ

0
9422
မတ်လ(၁၀)ရက်နေ့ ညပိုင်းမှာ သီရိမင်္ဂလာအိမ်ရာကို ရဲတပ်ဖွဲ့တွေ ဝင်ရောက် ရှာဖွေခဲ့သည်။

မော်လမြိုင် ၊ မတ် (၁၁)

မတ်လ (၁၀)ရက်နေ့ ညပိုင်းမှာ မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်က အိမ်ရာကို ရဲတပ်ဖွဲ့ အမြောက်အများက ဝင်ရောက် ရှာဖွေခဲ့ပြီး ဖမ်းဆီးခံရသူတော့ မရှိခဲ့ဘူးလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ပြောပါတယ်။

အိမ်ရာဝင်းအတွင်းမှာ တိုက်ခန်း အများအပြား ရှိတဲ့အနက် တိုက် (k) , (j) ,(l) တို့ကိုသာ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်ရောက် စစ်ဆေးခဲ့တာပါ။

အဆိုပါ တိုက်တွေက အခန်းအားလုံးကို တံခါးဖွင့် စစ်ဆေးခဲ့ပြီး သန်းခေါင်စာရင်း ပြခိုင်းတာတွေ ၊ မေးမြန်းတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့အင်အားအပြည့်နဲ့လာတာပေါ့။ ဧည်စာရင်း စစ်တဲ့ သဘောပါပဲ။ သန်းခေါင်းစာရင်းရှိတဲ့သူတွေဆို သန်းခေါင်းစာရင်းပြလိုက်တာနဲ့ ရတယ်။ ဘာမှ အစစ်ဆေးမရှိတော့ဘူး။ မရှိတဲ့သူတွေကျတော့ အိမ်ထဲကလူတွေကို စစ်တယ်ပေါ့။ကျွန်တော်တို့ဆို သန်းခေါင်စာရင်းမရှိတော့ အစစ်ခံရတယ်ပေါ့”လို့ သီရိမင်္ဂလာအိမ်ရာအတွင်း နေထိုင်သူတွေက ပြောပါတယ်။

သန်းခေါင်စာရင်း မရှိသူတွေကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းတိုင်ဖို့ ပြောသွားတယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြန်ပြောင်း ပြောပြပါတယ်။

အခုလို ညနက်ပိုင်းမှာ ဝင်ရောက်စစ်ဆေးခဲ့တာကြောင့် ပြည်သူတွေက ကြောက်လန့်ခဲ့ပြီး အချို့လူငယ်တွေက ထွက်ပြေးခဲ့ကြပါတယ်။

“အမတို့ တိုက်ကျတော့ အခန်းတံခါးလာခေါက်တယ်ပေါ့နော်။ အမလည်း ဖွင့်လိုက်ရော လူကြီးတွေရော ရဲတွေရောပြီး‌တော့ လက်နက်တွေရော ဆိုတော့ တော်တော်ကို လန့်သွားတယ်။ ဒါပေမယ့် သူတို့ကတော့ သန်းခေါင်းစာရင်းမေးတယ်။ အိမ်မှာ ဘယ်‌နှစ်ယောက်နေလဲမေးတယ်။ ဌားနေတာလား။ အပိုင်လားဆိုတာမေးတယ်”လို့ အိမ်ရာအတွင်း နေထိုင်သူတွေက ဆိုပါတယ်။

မော်လမြိုင်မြို့မှာတော့ အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေပြီး မြို့အနှံ့တားဆီး စစ်ဆေးတာတွေကို လုပ်ဆောင်နေလို့ ဆန္ဒဖော်ထုတ်သူတွေ စုဝေးဖို့ အခက်အခဲတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.