ဝန်ကြီးချုပ်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို အဆက်အသွယ်မရလို့ မိသားစုဝင်တွေ စိုးရိမ်

0
8799

မော်လမြိုင် ၊ မတ် (၁၀)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် ဖမ်းဆီးခံ NLD ကိုယ်စားလှယ်တွေကို အခုချိန်ထိ အဆက်အသွယ်မရလို့ စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ၊ NLD ပါတီ သထုံမြို့နယ် ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် ၎င်းရဲ့ အမျိုးသားတို့ကို တပ်က ဖမ်းဆီးထားတာ နှစ်ပတ်ကျော် သုံးပတ်နီးပါးရှိပြီး ဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်ကနေ အခုချိန်ထိ မည်သည့်နည်းလမ်းနဲ့မှ အဆက်အသွယ်မရဘဲ သတင်း အမှောင်ချခံထားရတယ်လို့ NLD ပါတီ မွန်ပြည်နယ် အတွင်းရေးမှူး ဦးငွေမြင့်က ပြောပါတယ်။

“အဆက်အသွယ်က လုံးဝကို လုပ်လို့မရတာ၊ ဘာမှမသိရဘူး၊ သူတို့သတင်းကို လုံးဝအမှောင်ချထားတာ၊ သူတို့ကို ဖုန်းဆက်လို့လည်း မရဘူး၊ မိသားစုဝင်တွေလည်း ဆက်သွယ်လို့မရဘူးလေ၊ အဲလိုအနေအထားမှာ ရှိနေတယ်”လို့ ဆိုပါတယ်။

ဒေါ်မာမာခိုင်ရဲ့ မိသားစုဝင်တွေကတော့ အဆက်အသွယ်ရအောင် ကြိုးစားနေဆဲ ဖြစ်ပြီး မတ်လ (၁၂)ရက်နေ့မှာ ရုံးထုတ်မယ်ဆိုတာတော့ ကနဦး သိထားရတယ်လို့ ဆိုပါတယ်။

“အခုကတော့ သူတို့နဲ့ ဘယ်လိုဆက်သွယ်ဆက်သွယ် မရဘူးပေါ့၊ ကျွန်မတို့ဘက်ကလည်း သူတို့ကို တရားရုံးမှာ မတ်၁၂ ရက်နေ့မှာ ရုံးထုတ်မယ်သိရတာပဲ သိရတာ။ အခြားတော့ အထွေထွေအထူးထူး ကြားသိရတာ မရှိသေးဘူး။ ကျွန်မတို့ဘက်ကနေတော့ ပါတီလိုင်းကနေပြီးတော့ လှမ်းချိတ်ပေးတာပေါ့နော်” လို့ ဒေါ်မာမာခိုင်၏သမီး မစုနိုဗယ်ထွန်းက ပြောပါတယ်။

ဝန်ကြီးချုပ်ကိုတော့ CDM တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာမှာ ဗီဒီယိုဖြင့် ပြောကြားခဲ့လို့ အမှုဖွင့်ထားပြီး  ဒေါ်မာမာခိုင်ကိုတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် ဦးဆောင်ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့  ထွေအုပ်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြားသော NLD ပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ အပါအဝင် အခြားပုဒ်မတွေနဲ့ အမှုဖွင့်ထားလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.