မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆

မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအိမ်ရာဝင်းမှာ အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဒီကနေ့ နေ့လည်ပိုင်းမှာ တပ်က နေအိမ် ပြန်ခွင့်ပြုခဲ့ပါတယ်။

ဝန်ကြီးတွေကို (၁၀)ရက်ကျော်အကြာ အကျယ်ချုပ်နဲ့ တပ်ကထိန်းသိမ်းပြီးနောက်မှာ အခုလို ပြန်လွှတ်ပေးခဲ့တာပါ။

အခုလို နေအိမ်ပြန်ခွင့်ရပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လှုံ့ဆော်မှုတွေ မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခဲ့ရတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။

“ခံဝန်က ဘာပါလဲဆိုတော့ ကျွန်တော်မှတ်မိသလောက်တော့၊ ဓာတ်ပုံရိုက်လို့မကောင်းလို့ ဖတ်တော့ဖတ်လိုက်တယ်။ အဓိက အချက်က ၃ချက်ပေါ့ဗျာ။ နိုင်ငံရေးလှုပ်ရှားမှု။ ပူးပေါင်းပါဝင်မှု။ လှုံဆော်မှု ဘာညာပေါ့ဗျာ။ ဆောင်ရွက်ပါက  တည်ဆဲဥပဒေအရ အရေးယူခံရမည်ဆိုတာ သိရှိပါရန် သိရှိကြောင်းပေါ့။ မလုပ်ဘူးလို့ မပြောဘူး။ လုပ်ရင် တည်ဆဲဥပဒေအရ အရေးယူခံရမယ်ဆိုတာ သိရှိပါကြောင့်ပေါ့”လို့ ဒေါက်တာ မင်းကြည်ဝင်းက ဆိုပါတယ်။

ဒါ့အပြင် ဆက်သွယ်ရမယ့် ဖုန်းနံပတ်နဲ့ နေထိုင်မယ့် နေရပ်လိပ်စာ အတိအကျကိုလည်း ပေးထားခဲ့ရတယ်လို့ ဆိုပါတယ်။

နေအိမ်ကို ပြန်ခွင့်ပြုသော်လည်း ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ ပြန်မည်ဆိုပါက နေထိုင်မည့် နေရပ်လိပ်စာ အတိအကျကို ရေးပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးဖို့အတွက် ဝန်ကြီးတွေက ပစ္စည်းသိမ်းပြီး နေအိမ်ပြန်ဖို့ ပြင်ဆင်နေ‌ပြီးလို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.