မော်လမြိုင် ၊ နိုဝင်ဘာ (၁၁)

မွန်ပြည်သစ်ထိန်းချုပ်ဒေသ ရေးချောင်းဖျားကျေးရွာတွေက ဒေသခံ (၁၆၀၀) ကျော် ဆန္ဒမဲလာပေးခဲ့တယ်လို့ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။

မွန်ပြည်သစ်ထိန်းချုပ်ဒေသက ဒေသခံတွေဟာ (၂၀၂၀) ရွေးကောက်ပွဲမှ ပထဆုံး ဆန္ဒမဲပေးခွင့်ရသူတွေ ဖြစ်ပြီး မဲစာရင်းမှာ ဒေသခံ (၂၀၀၀) ကျော် ပါဝင်ခဲ့တာပါတယ်။

ရွေးကောက်ပွဲနေ့မှာတော့ အာ့ဒီဒေသခံ (၁၆၀၀)ကျော် ဆန္ဒမဲလာပေးခဲ့ပြီး အနီးစပ်ဆုံး မဲရုံမှာ ဆန္ဒမဲ လာပေးဖို့ တစ်ရက်ကြိုတင် လာခဲ့ကြတာ ဖြစ်ပါတယ်။

” ဆိုင်ကယ်နဲ့ ခရီးဝေးလို့ မနေ့ညနေကတည်းကလာရတယ်၊ လမ်းလည်း နည်းနည်းဆိုးတယ်၊ ကလေးနဲ့လာရတာဆိုတော့ နည်းနည်းတော့အခက်အခဲဖြစ်တယ်၊ ကျွန်မတို့အနေနဲ့ အလုပ်အကိုင်အဆင်ပြေဖို့ စားသောက်ရေးအခက်အခဲဖြစ်တော့ ဒါတွေပဲတောင်းဆိုချင်ပါတယ် ” လို့ ရေးအရှေ့ပိုင်း ပနန်းဘုံရွာက မအေးသီဟက ပြောပါတယ်။

ပနန်းဘုံကျေးရွာ မွန်အရပ်ဘက်အဖွဲ့အစည်းက မင်းကျော်လင်းမှလည်း ” ခရီးကြမ်းကိုလာခဲ့ရတယ်။ ပါတီကိုကြည့်ပြီးမဲထည့်ပေးခဲ့ပါတယ်၊ ကျွန်တော်တို့ပေးတဲ့ကိုယ်စားလှယ်အနိုင်ရသွားရင် ဒေသကောင်းကျိုး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ စားဝတ်နေရေးကောင်းအောင်လုပ်ပေးဖို့က အဓိက တောင်းဆိုချက်ပါပဲ ” လို့ ဆိုပါတယ်။

အခုလို ဆန္ဒမဲပေးရာမှာတော့ မွန်ပြည်သစ်ပါတီရဲ့ လွှမ်းမိုးမှု မခံရဘဲ လွတ်လွတ်လပ်လပ် မဲပေးခွင့် ရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” မဲထည့်ဖို့ ဘယ်သူမှခြိမ်းခြောက်မှုတွေတော့မရှိပါဘူး၊ ကိုယ်ပေးလိုက်တဲ့သူ အနိုင်ရကိုယ်စားလှယ်တွေဖြစ်သွားရင် လမ်းကောင်းဖို့၊ ခြံသမားဆိုတော့ သီးနှံတွေဈေးကောင်းရဖို့၊ လမ်းကောင်းမွန်ချောမောအောင်လုပ်ပေးဖို့ ဆန္ဒရှိပါတယ် ” လို့ ပနန်းပုံကျေးရွာနေ ကိုဟန်သိမ်းက ဆိုပါတယ်။

ရေးမြို့နယ် မဲဆန္ဒနယ်မှာတော့ မွန်ညီညွတ်ရေးပါတီက ပြိုင်ဘက် NLD ပါတီကို ကျော်လွန်ပြီး နေရာပြည့် အနိုင်ရရှိခဲ့ပါတယ်။

ရေးမြို့နယ်အတွင်းမှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၂၃၀၀၀၀)ကျော်ရှိပြီး ဆန္ဒမဲလာပေးသူတွေကတော့ (၉၃၀၀၀)ကျော်သာ ရှိခဲ့ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.