ရေး ၊ ဩဂုတ် (၁၁)

ရန်ကုန်-ရေး ရထားလမ်းပိုင်းအတွင်း ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာအနီး နှစ်ကရင်-အောင်သပြေလမ်းပိုင်းတွင် ရထားနဲ့ကျောက်တင်ကားတိုက်မိသဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပွားလျက်ရှိနေပါတယ်။

ဩဂုတ်လ (၁၁)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲအချိန်ခန့်က ရန်ကုန်-ရေး (၈၁)အဆန်ရထားခုတ်မောင်းနေစဉ် ကျောက်တင်ကားက ဝင်ရောက်တိုက်ခဲ့တာပါ။

” ရထားက ၂ တွဲချော်သွားတယ်၊ အခြေအနေအသေးစိတ်ကို စစ်ဆေးနေဆဲပါ၊ အရင်က အဲ့လိုအဖြစ်မျိုးရှိပေမယ့် ထိခိုက်မှုတော့မရှိခဲ့ဘူး၊ ခုမှ ထိခိုက်မှုဖြစ်ခဲ့တာပါ၊ လမ်းပိုင်းကတော့ဒီညအမှီပွင့်နိုင်အောင် လုပ်နေပါတယ် ” လို့ နှစ်ကရင်ဘူတာရုံပိုင် ဦးငွေဌေးက ပြောပါတယ်။

အဆိုပါလမ်းပိုင်းအတွင်း မတော်တဆဖြစ်ပွားမှုများဖြစ်ပွားလေ့ရှိတာကြောင့် သက်ဆိုင်ရာအနေနဲ့ ရထားလမ်းကူးအနီးတွင် အကာအရံနဲ့ အစောင့်အရှောက်များထားရှိပေးစေလိုတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” အဲဒီလမ်းက နှစ်ကရင်ရွာကထွက်ဖို့ အရေးပါတဲ့လမ်းဖြစ်တယ်၊ မြို့တွေသွားရင် အဲ့လမ်းကပဲသွားရတာ၊ မတော်တဆမှုတွေဖြစ်ပွားလေ့ရှိပေမယ့် အဲ့မှာ အရံအတားမရှိဘူး၊ သက်ဆိုင်ရာအနေနဲ့ သွားလာနေတဲ့သူတွေ ဘေးကင်းအောင် ရထားလာချိန် အကာအရံတွေနဲ့ အစောင့်တွေနဲ့ လုပ်ထားပေးဖို့တော့လိုအပ်နေတယ် ” လို့ နှစ်ကရင်ကျေးရွာဒေသခံ ဦးစံရက ပြောပါတယ်။

ရထားနဲ့ကားတိုက်မိမှုကြောင့် ကားပေါ်ပါ လူ (၁) ဦး၊ ရထားပေါ်ပါ လူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လမိုင်းဆေးရုံကို တင်ပို့ထားရကာ ခုညအတွင်း ရထားလမ်းပြန်ဖွင့်နိုင်အောင် ဆောင်ရွက်နေတယ်လို့ နှစ်ကရင်ဘူတာတာဝန်ရှိသူတွေထံက သိရပါတယ်။

သတင်း – ရဲနိုင်

ဓါတ်ပုံ – P&S

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.