မွန်ဘာသာစကားသင်ကြားရေးဆိုင်ရာ ဆရာဖြစ်သင်တန်းကျင်းပနေစဉ်။

ရေး ၊ ဇူလိုင် (၂၈)

မွန်ပြည်နယ်ရဲ့ ပထမဆုံး Mon Language Class ကို လာမယ့် ဩဂုတ်လအတွင်း ရေးမြို့မှာ ဖွင့်လှစ်သွားတော့မှာပါ။

ရေးမြို့ဟာ မွန်လူမျိုးအများဆုံး နေထိုင်တာဖြစ်ပေမယ့် မွန်စကားနဲ့ မွန်စာပေ တတ်မြောက်သူ နည်းပါးလာတာကြောင့် မွန်ယဉ်ကျေးမှုနဲ့ စာပေ မပပျောက်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာလို့  Mon Language Class ဖြစ်မြောက်‌ရေးကော်မတီအတွင်း‌ရေးမှူး ဦးအောင်ကိုကိုဦးက ပြောပါတယ်။

” စာပေနဲ့ဘာသာစကားပျောက်သွားရင် လူမျိုးလဲပျောက်သွားမယ်၊ မွန်စာပေဘာသာစကားနဲ့ပတ်သက်လို့ ကျေးရွာတွေမှာ ခိုင်ခိုင်မာမာရှိနေပေမယ့် မြို့တွေမှာဆို သိပ်မတွေ့ရတော့ဘူး၊ အဲဒီအတွက် စိတ်ကူးကို အကောင်အထည် ဖော်ဖြစ်တယ်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဖွင့်လှစ်သွားမှာပါ၊ မည်သူမဆို သင်ယူချင်စိတ်ရှိသူ စိတ်ပါဝင်စားသူအားလုံး တက်ရောက်နိုင်မှာဖြစ်ပါတယ် ” လို့ သူက ပြောပါတယ်။

သင်ရိုးညွှန်းတမ်းကိုတော့ စိတ်ဝင်စားသူအားလုံး တက်ရောက်နိုင်အောင် အလွယ်ကူဆုံး ရေးဆွဲထားပြီး တစ်ပတ် နှစ်ရက် တစ်ရက်ကို နှစ်နာရီ အခမဲ့ သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သင်တန်းသားတွေကို သင်ကြားပေးနိုင်ဖို့အတွက် ဆရာဖြစ်သင်တန်းကို အရင်လေ့ကျင့်ပေးနေပြီး (၁၇) ဦး တက်ရောက် ပြီးစီးခဲ့ပြီးလို့ ဆိုပါတယ်။

သတင်းနှင့်ဓါတ်ပုံ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.