ပေါင်၊ နိုဝင်ဘာ ၁၅
ပေါင်မြို့နယ်၊ မုတ္တမအပိုင်ရဲစခန်းနယ်မြေအတွင်း တစ်ရက်ခြားစီယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ လူ(၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ် ကျခတ်ငူကျေးရွာရှိ ရန်ကုန်မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ်၁၈၂/၁ အနီးတွင်နိုဝင်ဘာ(၁၁)ရက်နေ့ညနေပိုင်းက ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး ပေါင်မြို့နယ် သဲကုန်းကျေးရွာမှ နေလင်းအောင်သေဆုံးခဲ့ကာ ၎င်း၏ဆိုင်ကယ်နောက်မှထိုင်၍လိုက်ပါလာသော ဇနီးမယုယုစန်း မှာခြေကျိုးခြင်း ၊ မျက်နှာဦးခေါင်းနေရာများတွင် ဒဏ်ရာများရရှိပြီး မော်လမြိုင်ဆေးရုံကြီးသို့တင်ပို့ကုသနေရသည်။ အခြားဆိုင်ကယ်မှ ယာဉ်မောင်းသူ ကျခတ်ငူကျေးရွာနေ မောင်ဝင်းထွန်းနှင့် ၎င်း၏ဆိုင်ကယ်နောက်တွင်လိုက်ပါလာသည့် မြင်းခြံမြို့မှ မောင်အောင်ချမ်းတို့လည်း အခင်းဖြစ်စဉ်ကြောင့် သေဆုံးသွားခဲ့ပြီး မုတ္တမရဲစခန်းမှယာဉ်(ပ)၃၆/ ၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ က/၃၃၈ အရ အမှုဖွင့်စစ်ဆေးနေသည်။

ထို့အပြင် နိုဝင်ဘာ(၁၃)ရက်နေ့ ညနေ၃နာရီ ကျော်အချိန်ကလည်း ပေါင်မြို့နယ် ကျုံကကျေးရွာရှိ ရန်ကုန် – မော်လမြိုင်ကားလမ်း တံတားအမှတ်၃/၁၇၈ အနီးတွင် ရန်ကုန်မှ ကျိုက်မရောသို့သွားနေသည့် 9H/ 9216 AD BAN ကားသည် ဝဲဘက်ယာဉ်ကြောသို့ ထိုးဝင်သွားပြီး လမ်းဘေးဓာတ်မီးတိုင်အားတိုက်မိသဖြင့် ဓာတ်တိုင်ကျိုးကျကာ ကားမှာ ဓာတ်လိုက်မီးလောင်သွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင်ယာဉ်မောင်း ကိုကိုအောင်(၅၁)နှစ်၊ ရန်ကုန် သင်္ကန်းကျွန်းနေသူနှင့် မစပယ်အောင်(၄၁) နှစ် နတ်ကြီးချောင်ကျေးရွာ ပေါင်မြို့နယ်နေသူတို့မှာ မီးလောင်သေဆုံးသွားခဲ့ပြီး ကားမီးလောင်မှုကို မီးသတ်ကား(၃)စီးဖြင့် မီးသတ်အင်အား(၃၁)ဦး လာရောက်ငြိမ်းသတ်ခဲ့ရသည်။

အဆိုပါအမှုကို မုတ္တမနယ်မြေရဲစခန်းမှ ယာဉ်(ပ)၃၇/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ က/၂၈၅ အရအမှုဖွင့်စစ်ဆေးနေခဲ့ကြောင်းရဲမှတ်တမ်းများအရသိရသည်။

ပေါင်မြို့နယ်တွင် ၂၀၁၆ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိယာဉ်မတော်တဆမှုပေါင်း (၁၁၀) ကျော်အမှုဖွင့်အရေးယူထားကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးကစာရင်းထုတ်ပြန်ထားသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.