ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး ရေးမြို့အတွင်း အရောင်းအဝယ်အေး

0
16170

ရဲနိုင်မိုး။    ။ရေးမြို့နယ်အတွင်း နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကြီးမတိုင်မီနှင့် ရွေးကောက်ပွဲပြီးသည့် ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ထိ စီးပွားရေးလုပ်ငန်းများ အေးစက်လျက်ရှိနေကြောင်း လုပ်ငန်းရှင်များကပြောသည်။
“ရွေးကောက်ပွဲမတိုင်မီ ၅ ရက်လောက်ကတည်းက အလုပ်လာအပ်တဲ့သူ ပါးသွားတာ ခုထက်ထိပဲ၊ ကျွန်တော်တို့တွေ ကိုယ်တိုင်လည်း ရင်ထဲမှာ တစ်မျိုးပါပဲ၊ အလုပ်လုပ်ချင်စိတ် မရှိဘူး၊ ရလာဒ်ကို ရင်ခုန်နေပါတယ်။ ဒါပေမယ့် ခုလို အေးအေးချမ်းချမ်း ပြီးသွားတာကတော့ ရင်အေးရပါတယ် ” ဟု စတီးလ်လုပ်ငန်း လုပ်ကိုင်သူ ကိုဆန်းက ပြောသည်။
လက်ရှိအချိန်အထိ ရေးမြို့နယ်တွင် ပါတီကြီး ၅ ခုယှဉ်ပြိုင်ခဲ့သည့်အနက် NLD ပါတီက ၃ နေရာ၊ မွန်အမျိုးသားပါတီက ၂ နေရာအနိုင်ရရှိကြောင်း ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။
“ကျွန်တော်တို့နိုင်ငံ အပြောင်းအလဲတွက် အများကြီး မျှော်လင့်ထားတယ်။ ညင်သာသိမ်မွေ့စွာ ကူးပြောင်းမယ်လို့ မျှော်လင့်ပါတယ်၊ ခံစားချက် ကိုယ်စီတွေနဲ့မို့ တိုင်းပြည်အရေးမို့ ပြည်သူတွေအနေနဲ့ အရမ်း စိတ်ပါဝင်စားလို့ စီးပွားရေးပါ ရပ်တန့်နေတဲ့ သဘောလဲပါတယ်။ ရော်ဘာ အရောင်းအဝယ်တွေ နည်းသွားသလို၊ ကွန်ပျူတာလုပ်ငန်း၊ ဖိတ်စာယပ်တောင်လုပ်ငန်း၊ ဈေးဆိုင်တွေ အရောင်းအဝယ် အတော်ပါးသွားတယ်လို့ သိရတယ်၊ တရားဝင် အဖြေထွက်လာပြီးရင်တော့ အားလုံးပုံမှန် ပြန်ဖြစ်သွားမှာပါ” ဟု ရန်မျိုးအောင် ရပ်ကွက်နေ ဦးအောင်ခိုင်က ပြောသည်။
ရွေးကောက်ပွဲနေ့တွင် အချို့သော လုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများကို ရပ်နားထားကာ ရလဒ်များကို ရင်ခုန်စွာ စောင့်စားနေခဲ့ကြသည်ဟုလည်း သိရသည်။
ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ ရလဒ်အပေါ် ကျေနပ်မှုရှိနေကြပြီး ဖြစ်ပေါ်လာမည့် အပြောင်းအလဲအတွက် အေးချမ်းကောင်းမွန်သည့် အခြေအနေနှင့် ပြည်သူ့ဘဝတိုးတက်ရေး၊ နိုင်ငံ တိုးတက်ရေးတို့ကို မျှော်လင့်လျက်ရှိနေကြကြောင်းလည်း သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.