နေပြည်တော်၊ စက်တင်ဘာ ၁၇
တိုင်းနဲ့ပြည်နယ်တွေမှာ အားကစားပြိုင်ပွဲတွေကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားဖို့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ညွှန်ကြားလာပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ညွှန်ကြားလာပါတယ်။
ဦးမင်းအောင်လှိုင်က အားကစားမြှင့်တင်ခြင်းဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတဲ့ မူဝါဒနဲ့အညီ တိုင်းနဲ့ပြည်နယ်အလိုက် အားကစားပြိုင်ပွဲတွေကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဖို့ ညွှန်ကြားခဲ့တာပါ။
ဒါ့အပြင် မကြာမီ ဒီဇင်ဘာလသို့ ရောက်ရှိတော့မှာ ဖြစ်တာကြောင့် အားကစားပြိုင်ပွဲတွေ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ရှိပြီးဖြစ်တဲ့ အားကစားကွင်းတွေကိုလည်း စနစ်တကျ ပြင်ဆင်ထိန်းသိမ်းအသုံးပြုဖို့ ညွှန်ကြားခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အားကစားပြိုင်ပွဲတွေ များများလုပ်ခိုင်းတာဟာ လူငယ်တွေ တော်လှန်ရေးမှာ အာရုံမရောက်စေဖို့ အဓိက ရည်ရွယ်တာ ဖြစ်ပြီး စစ်အစိုးရရဲ့ မူဝါဒတစ်ရပ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ အားကစားပြိုင်ပွဲတွေကို လအလိုက် စဉ်ဆက်မပြတ် ကျင်းပလာတာ ဖြစ်ပြီး စစ်တပ် အသွင်းပြောင်း အစိုးရ လက်ထက်မှာလည်း အားကစားပြိုင်ပွဲတွေကို ပိုမိုပြုလုပ်လာတာပါ။
စစ်တပ် အသွင်ပြောင်း အစိုးရဟာ အခုနောက်ပိုင်းမှာ ပြည်နယ်၊ ခရိုင်နဲ့မြို့နယ်အဆင့် အားကစားပြိုင်ပွဲတွေအပြင် ကျောင်းအလိုက် ပြိုင်ပွဲတွေကိုလည်း စဉ်ဆက်မပြတ် ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

