မော်လမြိုင်၊ စက်တင်ဘာ ၁၇
စစ်တပ် အသွင်ပြောင်း အစိုးရ အုပ်ချုပ်နေတဲ့ မွန်ပြည်နယ်မှာ အရွယ်ရောက်ပြီးတဲ့သူတွေအပြင် အသက်မပြည့်သေးတဲ့ လူငယ်တွေကအစ မူးယစ်ဆေးဝါး သုံးစွဲမှု များလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှု များလာတာဟာ မူးယစ်ဆေးဝါးတွေ အလွယ်တကူ ဝယ်ယူလို့ရတာ၊ ပြည်နယ်အတွင်းမှာ ဘီလီယံနဲ့ချီ မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေတာ၊ ဖြန့်ဖြူးရောင်းချသူ ပိုများလာတာကြောင့်လို့ ဆိုပါတယ်။
WY မူးယစ်ဆေးဝါးတွေဟာ အရင်က တစ်ပြားကို သောင်းချီ ပေးရပေမယ့် စစ်အုပ်စုလက်ထက်မှာ တစ်ပြားကို ကျပ် ၁၅၀၀ ကနေ ကျပ် ၃၀၀၀ လောက်နဲ့ အလွယ်တကူ ဝယ်ယူနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်မှာ အသက်မပြည့်သေးသူ နှစ်ဦးအပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ လူငယ် ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါပေမယ့် ဒေသတွင်းမှာတော့ မူးယစ်ဆေးဝါးတွေကို အခြေခံပညာကျောင်းသားတွေကအစ သုံးစွဲမှုတွေ ရှိလာပြီး ဖြန့်ဖြူးရောင်းချနေသူတွေကိုတော့ စစ်အစိုးရက ဖော်ထုတ်ဖမ်းဆီးနိုင်မှု နည်းပါးနေတာပါ။
မွန်ဒေသခံတွေရဲ့ ပြောပြချက်အရ ကျေးရွာတွေမှာ လူငယ်တွေ အုပ်စုဖွဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ရှိလာကြောင်းနဲ့ ဒီဖြစ်စဉ်ကို ရဲတပ်ဖွဲ့အပါအဝင် အုပ်ချုပ်ရေးအဖွဲ့တွေက အရေးယူဆောင်ရွက်တာ မရှိဘူးလို့ ဆိုပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရကတော့ မွန်ပြည်နယ်မှာ မကြာခဏဆိုသလို သောင်းနဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိနေတယ်လို့ ထုတ်ပြန်ထားပေမယ့် မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ်တဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးပါဘူး။
မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုတွေမှာ စစ်တပ်၊ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတချို့ပါ ပါဝင်ပတ်သက်ပြီး မူးယစ်ဆေးဝါး အများစုကိုတော့ လက်နက်ကိုင်အဖွဲ့တွေက သယ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

