ဖာပွန်၊ သြဂုတ် ၈
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း စစ်ရေးအထိနာနေတဲ့ စစ်တပ်က လေကြောင်းနဲ့ အပြင်းအထန် ဗုံးကြဲနေတာကြောင့် ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာနဲ့ နေအိမ် အများအပြား ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။
ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နယ်မြေမှာ စစ်တေပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား ပြီးခဲ့တဲ့ ဇူလိုင်လတစ်လအတွင်းမှာ တိုက်ပွဲပေါင်းအကြိမ် ၁၀၀ နီးပါး ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၃ ဦးသေဆုံးနဲ့ ၅၅ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်နဲ့ KNLA တပ်မဟာ ၅ တို့ရဲ့ တိုက်ပွဲတွေဟာ ဩဂုတ်လ ပထမအပတ်ထိ ဆက်ဖြစ်နေပြီး ထိတွေ့တိုက်ပွဲတွေမှာ အထိနာပြီး ရှေ့ဆက်တိုးလို့မရတဲ့ စစ်တပ်က ဖာပွန်ခရိုင်ထဲက ကျေးရွာတွေအပေါ် ပစ်မှတ်ထားကာ လေယာဉ်နဲ့ လိုက်လံဗုံးကြဲနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အာဏာသိမ်း စစ်တတပ်ဟာ ဒီရက်ပိုင်းအတွင်းမှာ ဖာပွန်ခရိုင်ထဲက ထီးသဲလေး ထီးလော်သေထ ဘောသို့ထ ထော်မဲထကျေးရွာတွေကို လေယာဉ်တွေနဲ့ လိုက်လံဗုံးကြဲချနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ကရင်အရပ်ဖက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ရဲ့ ဖော်ပြချက်အရ ဩဂုတ် ၃ ရက်နေ့က ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် ထီးသဘလူထကျေးရွာအုပ်စု ထီးလော်သေထရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့ရာ အိမ် ၈ လုံး ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။
ဒါ့အပြင် ဩဂုတ် ၅ ရက်နေ့က ဘောသိုထိရွာကို စစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ ဗုံး ၄ လုံး ကြဲချခဲ့ပြီး ကျေးရွာအတွင်းရှိ အသက် ၅၃ နှစ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးသွားကာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိတဲ့အပြင် ဓမ္မာရုံ ၂ လုံးနဲ့ အိမ်အလုံး ၃၀ ထိမှန်ပျက်စီးသွားတယ်လို့ KPSN က ထုတ်ပြန်ထားပါတယ်။
KNU ဖာပွန်ခရိုင်မှာ စစ်တပ်က လေယာဉ်ဗုံးကြဲမှုတွေ မကြာခဏပြုလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေမှာ ဒွယ်လိုးမြို့နယ် မယ်ကော်လိုရွာနဲ့ နာခိုခီးရွာတို့ကို စစ်တပ်က ဗုံးကြဲခဲ့သေးရာ ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့ကာ အိမ် ၁၀ လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ KPSN ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းထဲမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် ၅၀ လုံးနဲ့ ဘုရားကျောင်း စာသင်ကျောင်း ဘော်ဒါဆောင် အဆောက်အဦး စုစုပေါင်း ၄ လုံး ပျက်စီးသွားခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KPSN
