ဘန်ကောက် ၊ ဩဂုတ် ၈
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် အသွင်ပြောင်း အစိုးရကို မိတ်ဘက်နိုင်ငံတချို့အပါအဝင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ တရုတ်နဲ့ လာအိုတို့က နိုင်ငံရေးအရ အသိအမှတ်ပြုပြီးနောက် ထိုင်းအစိုးရကလည်း တရားဝင် ထိတွေ့ဆက်ဆံလာပါတယ်။
စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ ဦးမင်းအောင်လှိုင်ကို အိမ်နီးချင်း ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တို့မှာ ဘန်ကောက်မြို့ကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေခဲ့တာပါ။
အဲဒီခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်တို့အပါအဝင် နှစ်ဘက်တာဝန်ရှိသူတွေဟာ ထိုင်းအစိုးရအိမ်တော်မှာ အာဆီယံနဲ့ပတ်သက်တဲ့ မြန်မာ့အရေးအပါအဝင် နိုင်ငံရေး နယ်စပ်တည်ငြိမ်ရေး လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး နယ်စပ်ကုန်သွယ်ရေး နယ်စပ်ဖြတ်ကျော်မီးခိုးမြူနဲ့ မြစ်ရေညစ်ညမ်းမှုဆိုင်ရာ ကိစ္စတွေနဲ့ စွမ်းအင်ကဏ္ဍတို့မှာ နှစ်နိုင်ငံပူးပေါင်းသွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။
အဲဒီဆွေးနွေးချက်တွေအပေါ် တချို့ကိစ္စတွေမှာ ထိုင်းအစိုးရအနေနဲ့ တစ်ဘက်တည်းကို ဆက်ဆံဖို့ မလွယ်ဘူးလို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က အခုလို သုံးသပ်ပါတယ်။
“တကယ့်လက်တွေ့မြေပြင်အခြေအနေအရဆိုရင်တော့ ထိုင်းအစိုးရအနေနဲ့ တစ်ဘက်တည်းကိုတော့ ဆက်ဆံဖို့ မလွယ်ဘူး။ နှစ်ဘက်စလုံးကိုတော့ (စစ်အစိုးရနဲ့ ဒေသအခြေစိုက် တိုင်းရင်းသားအဖွဲ့တွေ) မျှဆက်ဆံရမယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ပိုပြီး အရင်ကထက် ကြပ်တဲ့ ဖိအားတွေ ပိုရှိလာနိုင်တယ်။
အထူးသဖြင့်တော့ လက်နက်ရရှိရေးတို့ ဆေးဝါးရိက္ခာရရှိရေးတို့ လှုပ်ရှားမှုတွေ သွားလာနေတဲ့ဟာတွေ ကန့်သတ်တာတွေ ပိုခံရလာနိုင်ပါတယ်”လို့ ဆိုပါတယ်။
နှစ်နိုင်ငံပူးတွဲကြေညာချက်မှာတော့ မြေပြင်လုံခြုံရေး အခြေအနေအပေါ် မူတည်ပြီး ကျန်ရှိနေတဲ့ နယ်စပ်ဂိတ်/ ကုန်သွယ်ရေးဂိတ်တွေကို ပြန်လည်ဖွင့်လှစ်နိုင်ရေး စဉ်းစားဖို့ သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားတာပါ။
ဒါ့အပြင် မီးခိုးမြူညစ်ညမ်းမှု၊ လေဟာပြင်မီးရှို့မှုနဲ့ ရေညစ်ညမ်းမှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေ ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာအားကောင်းစေရေး ကတိကဝတ်တွေကို ထပ်မံအတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအပေါ် စစ်အစိုးရရဲ့ ဗဟိုအာဏာစက်အတွင်း ထိန်းချုပ်နိုင်စွမ်းမရှိသလို ဩဇာလွှမ်းမိုးမှုလည်း မသက်ရောက်တဲ့ အခြေအနေမို့ ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေရဲ့ တစိတ်တပိုင်း ထိန်းချုပ်မှုတွေ ရှိနေတယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။
တစ်ဘက်မှာ အာဆီယံပဋိညာဉ်စာတမ်း မူတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အာဆီယံ ယန္တရားတွေနဲ့ လုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံရဲ့ အပြည့်အဝ တန်းတူညီမျှ ပါဝင်ခွင့်ရရှိရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ ကူညီသွားဖို့ အတည်ပြုခဲ့ပါတယ်။
မြန်မာ့ကိုယ်ပိုင်နည်းလမ်းတွေကတစ်ဆင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ တိုးမြှင့်ဆောင်ရွက်ရေးအပေါ် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ နီးကပ်စွာ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ပူးတွဲကြေညာချက်မှာ အသိပေးပါတယ်။
တစ်ဘက်မှာ ဒီမိုကရေစီစနစ်ခိုင်မာစေရေး ငြိမ်းချမ်းရေးဟာ မဖြစ်မနေ လိုအပ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိက ဦးစားပေး လုပ်ဆောင်နေတယ်လို့ ဦးမင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်နဲ့ နှစ်နိုင်ငံဆွေးနွေးမှုမှာ ထည့်ပြောထားတာပါ။
အဲဒီအတွက် NCA လမ်းကြောင်းအတိုင်း လုပ်ဆောင်သွားမှာဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကနေ ပံ့ပိုးကူညီလိုကြောင်း ကြားသိရတဲ့အတွက် ကြိုဆိုကြောင်း သူက ဆိုပါတယ်။
ဒီအပေါ် အားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ ထိုင်းရဲ့ မူဝါဒအရ နယ်စပ်မှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ဖိအား ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဘယ်အစိုးရတက်တက် သေချာတာတစ်ခုကတော့ နယ်စပ်ဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်ဖြစ် လူမျိုးစုတွေအပေါ်မှာကတော့ ထိုင်းအစိုးရကနေ ၁၀၀ ရာခိုင်နှုန်း ပစ်ပယ်တာ တစ်ခါမှ မရှိခဲ့ဘူး။ အဲဒီကြောင့်မို့ ကျွန်တော့်အနေနဲ့ကတော့ လူထုလှုပ်ရှားမှုပဲ ပြောပြော ရှိနေပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ထိုင်းရဲ့ဖိအားက ကျကျနနနဲ့ ဖြစ်စရာအကြောင်းကို မရှိဘူး။အားလုံးနဲ့ ထိတွေ့မယ်ဆိုတဲ့ ထိုင်းရဲ့ မူဝါဒအရ Thai First ဆိုတဲ့ ထိုင်းရဲ့ National Interest အကျိုးစီးပွားကို ကျွန်တော်တို့က နားလည်သဘောပေါက်မယ်ဆိုရင်တော့ ဘာမှကို ပူစရာမလိုဘူးလို့ပဲ မှတ်ချက်ပြုလိုပါတယ်”လို့ ဆိုပါတယ်။
စစ်တပ် အသွင်ပြောင်းအစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၂ ခုနဲ့ တွေ့ဆုံဆွေးနွေးထားပြီးဖြစ်သလို တိုက်ပွဲဖြစ်ခဲ့ပြီး အပစ်ခတ်ရပ်စဲထားတဲ့ TNLA နဲ့လည်း ဆွေးနွေးထားတာပါ။
ဒါပေမယ့် နွေဦးတော်လှန်ရေးနဲ့အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ ဆက်လက်ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ မြန်မာ့အကျပ်အတည်းအတွက် တရားဝင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ အချိန်မတန်သေးဘူးလို့ အသိပေးထားပြီး ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် အသွင်ပြောင်း အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိက ဦးစားပေးပြီး ဒေသကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးသွားမယ်လို့ ထိုင်းအစိုးရနဲ့ ဆွေးနွေးမှုမှာ ထည့်ပြောခဲ့တာပါ။
လေ့လာသူတွေကတော့ လက်ရှိအခြေအနေမှာ မြေပြင်အနေအထားအရ မြန်မာ့အရေးမှာ ထိုင်းအစိုးရအနေနဲ့ နှစ်ဘက်စလုံးကို သေသေချာချာ ချိန်ထိုးပြီး ဆက်ဆံပုံရသလို အမျိုးသားအကျိုးစီးပွားအတွက် သာတဲ့ဘက်ကို ပိုကူးသွားလိမ့်မယ်လို့ ဝေဖန်ထောက်ပြတာတွေလည်း ရှိနေတာပါ။
ပူးတွဲကြေညာချက်မှာတော့ နိုင်ငံရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအတွင်း မြန်မာ-ထိုင်းနယ်စပ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဖော်ဆောင်မယ့် ပူးတွဲကတိကဝတ်ကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြတယ်လို့ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။
အွန်လိုင်းလိမ်လည်မှုတွေနဲ့ မူးယစ်ဆေးဝါးကိစ္စ တိုက်ဖျက်ရာမှာ ပူးတွဲကြိုးပမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့နဲ့ ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်ဟန့်တားရာမှာလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ညှိနှိုင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတာပါ။
ဒါ့အပြင် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု ၊ လုပ်သားတွေ ခန့်ထားရေး၊ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ရဲ့ လုပ်ငန်းလမ်းညွှန်တွေမှာ သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ လေးခုကို နှစ်နိုင်ငံ တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်အစိုးရက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

