မော်လမြိုင် ၊ ဇွန် ၁၇
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို တားဆီးပိတ်ပင်ရေး ပြည်နယ်စစ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို မွန်ပြည်နယ် လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ဒီအဆိုကို ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က အဆိုတင်သွင်းခဲ့တာပါ။
အဆိုရှင်က လောင်းကစားမှု တားမြစ်ရေး ဥပဒေ ရှိပေမယ့် ပြည်နယ်အတွင်းက မြို့နယ် အသီးသီးရဲ့ ရပ်ကွက်နဲ့ ကျေးရွာ တွေမှာ လောင်းကစားဝိုင်းတွေကို ပွဲတော်သဖွယ် ကျင်းပတာဟာ တရား ဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို စိန်ခေါ်နေသလို ပြည်သူ့ဘဝ လုံခြုံရေးကို များစွာ ခြိမ်းခြောက် နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်ရဲ့ လောင်းကစား ကိစ္စဟာ တစ်နိုင်ငံလုံး ကြားသိသလို ပြည်သူတွေက လူမှုကွန်ယက်တွေမှာ ဝေဖန် ရေးသား နေပေမယ့် လောင်းကစားမှုတွေဟာ လျော့နည်း ပပျောက်တာ မရှိတဲ့အပြင် အစိုးရသစ် လက်ထက်တိုင်အောင် ဆက်လက် လုပ်ဆောင်နေတာဟာ စိန်ခေါ်မှု တစ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။
ဥပဒေမှာ ပြုလုပ်မှုနဲ့ ပျက်ကွက်မှုဟာ ပြစ်မှုမြောက်ပြီး လောင်းကစားဝိုင်းတွေကို အရေးမယူတာဟာ မကောင်းမှု ကျူးလွန်တာကို အားပေးအားမြှောက်ပြုတာ ဖြစ်တဲ့အပြင် ပြည်သူ့ဘဝ လုံခြုံရေးနဲ့ တရား ဥပဒေ စိုးမိုးရေးကို ထိခိုက် စေနိုင်တဲ့ ကိစ္စတွေကို ခွင့်မပြုသင့်ဘူးလို့ အဆိုရှင်က ထောက်ပြထားပါတယ်။
လက်ရှိ မွန်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လောင်းကစားဝိုင်းတွေဟာ လောင်းကစားဂိုဏ်းသဖွယ် အတင့်ရဲ လုပ်ဆောင်နေသလို ပြည်သူလူထုရဲ့ ချွေးနည်းစာတွေကို လောင်းကစားဝိုင်းတွေမှာ ကုန်ဆုံးစေတာကြောင့် ရိုးသားမှု မရှိဘူးလို့ ဦးသန့်ဇော်က ပြောပါတယ်။
ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေကြောင့် ပြည်သူတွေရဲ့ ငွေကြေး ဆုံးရှုံးတာ၊ စီးပွားရေး လုပ်ငန်းတွေ ဆုံးရှုံးတာ၊ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ဖြစ်ပေါ်တာ၊ လူမှုရေး ပြဿနာတွေ ကြုံတွေ့ရတာအပြင် နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ ခိုးဆိုးနှိုက်နဲ့ လုယက်မှုတွေ ဖြစ်ပေါ် နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လောင်းကစား လုပ်ငန်းတွေက အကောက်ငွေတွေဟာဆိုရင် နေ့စဉ် သိန်းထောင်ချီ၊ လစဉ် သိန်းသောင်းချီ ရရှိနေပါက ပြည်သူတွေရဲ့ လစဉ် ဆုံးရှုံးတဲ့ ငွေကြေးဟာ သိန်း(ဘီလီယံ)နဲ့ ဆုံးရှုံး နစ်နာမှာ ဖြစ်ပြီး လောင်းကစားကြောင့် ဘဝပျက် သွားတဲ့ မိသားစုတွေရဲ့ လူမှုစီးပွားဘဝ မည်မျှ ဆုံးရှုံး နစ်နာနေမည်ကို မှန်းဆကြည့်ရင် သိနိုင်တယ်လို့ ပြောပါတယ်။
မွန်ပြည်နယ်မှာ ဖြစ်ပေါ် နေတဲ့ လောင်းကစားမှုတွေဟာ သာမန် အခြေအနေမျိုး မဟုတ်ဘဲ တချို့သော နိုင်ငံခြား တိုင်းပြည်တွေလို တရားမဝင် လောင်းကစားဂိုဏ်းအဖြစ် မာဖီးယား ဆန်ဆန် ပြုလုပ်နေပြီး သူတို့ကို တိုင်ကြားသူ၊ နှောင့် ယှက်သူတွေကို ခြိမ်းခြောက်တာ၊ ဖိအားပေးတာ၊ ရန်ရှာ အန္တရာယ်ပေးတာတွေကို လူမိုက်မွေးပြီး လုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဦးသန့်ဇော်က ပြောပါတယ်။
လောင်းကစားဝိုင်းတွေ တားဆီးပိတ်ပင်ရေး အဆိုကို ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီက ထောက်ခံဆွေးနွေး ခဲ့ပြီး လာမယ့် လွှတ်တော် အစည်းအဝေးမှာ ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ လောင်းကစားဝိုင်းတွေဟာ အရင် ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်က တရားဝင်သဖွယ် လုပ်ဆောင်တာ မရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ရက်ရှည်အကြီးအကျယ် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

