မြဝတီ၊ ဇွန် ၁၃
ကရင်ပြည်နယ် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု(ကျားဖြန့်) ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေကို ဆက်တိုက်ဖြိုချနေပြီး အဆောက်အအုံ ၂၀ ကျော်သာ ဖြိုချဖျက်ဆီးဖို့ ကျန်ရှိတော့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
ရွှေကုက္ကိုလ်နယ်မြေအတွင်းမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု(ကျားဖြန့်) ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၇၇ လုံး ရှိတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပြီး အဲဒီအဆောက်အအုံတွေကို စစ်ကော်မရှင်က နေ့စဉ် ဖြိုချဖျက်ဆီးခဲ့ရာ ဇွန် ၁၁ ရက်နေ့က တရားမဝင် လူနေအဆောက်အအုံ ၄ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့တာပါ။
ကျားဖြန့်ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၇၇ လုံးထဲက ၅၇ လုံးကို ယာဉ်ယန္တရားတွေနဲ့ ဖြိုချဖျက်ဆီးမှာဖြစ်ပြီး အဆောက်အအုံ အလုံး ၂၀ ကိုတော့ ဖောက်ခွဲဖျက်ဆီးသွားမှာဖြစ်ကာ ဒီနေ့အချိန်အထိ အဆောက်အအုံ ၅၆ လုံးကို ယာဉ်ယန္တရားတွေနဲ့ ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
ကျန်ရှိတဲ့ အဆောက်အအုံ ၂၁ လုံးကိုလည်း ဆက်လက်ဖျက်ဆီးသွားမှာဖြစ်တယ်လို့ စစ်ကော်မရှင်က အသိပေးထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ကရင်အမျိုးသားတပ် KNA ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူရဲ့ ခွင့်ပြုချက်နဲ့သာ စစ်ကော်မရှင်တပ်က ဖြိုချဖျက်ဆီးနေရ တာဖြစ်ပြီး ရွှေကုက္ကိုလ်မြို့က ကျားဖြန့်လုပ်ကိုင်တဲ့ နေရာတွေကို စစ်ကော်မရှင်တပ်ကို ဝင်ရောက်ခွင့်မပေးတာ၊ စစ်ဆေးခွင့်မပေးတာတွေ ရှိတယ်လို့ KNA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တချို့ဆီက သိရပါတယ်။
ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်အဆောက်အအုံတွေ နေ့စဉ်ဖြိုချဖျက်ဆီးမှုဟာ စစ်ကော်မရှင်နဲ့ ကရင်အမျိုးသားတပ် KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူတို့ရဲ့ ဟန်ပြလုပ်ဆောင်မှုသာ ဖြစ်ပြီး ရွှေကုက္ကိုလ်မြို့ထဲမှာ အမှန်တကယ် ကျားဖြန့်လုပ်ကိုင်တဲ့ နေရာအများအပြား ကျန်ရှိနေသေးတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

