မော်လမြိုင် ၊ ဇွန် ၁၃
မော်လမြိုင် ငွေမိုးလုပ်ငန်းစုရဲ့ ပိုင်ရှင်ဖြစ်တဲ့ ခရိုနီ ဦးမိုးကျော်ဟာ လှိုင်ရတနာမြို့သစ် စီမံကိန်းအတွက် မော်လမြိုင် တောင်ဝိုင်းတောင်ကနေ မြေကျင်းပေါင်း သောင်းနဲ့ချီ တူးဖော်ထုတ်ယူခဲ့ပေမယ့် မြေကြီးခွန် ပေးသွင်းတာ မရှိဘူးလို့ သိရပါတယ်။
မော်လမြိုင် ငွေမိုးလုပ်ငန်းစုက လုပ်ပိုင်ခွင့်ရရှိထားတဲ့ လှိုင်ရတနာမြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ဇွန် ၁၂ ရက်နေ့က ကျင်းပပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က မေးခွန်းမေးမြန်းခဲ့တာပါ။
မေးခွန်းရှင်က မြို့သစ်စီမံကိန်း လုပ်ကိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်း ဖော်ဆောင်ရာမှာ မြေဖို့တာ၊ မြေပေးသွင်းခြင်း လုပ်ငန်းတွေ ပါဝင်နေပြီး မြေပေးသွင်းခြင်း လုပ်ငန်းအတွက် မြေတူးဖော်ခြင်း လုပ်ငန်း လုပ်ကိုင်ရာမှာ နိုင်ငံတော်အတွက် ဓာတ်သတ္တုခွန်တွေကို တူးဖော်တဲ့ မြေကျင်း အရေအတွက်အလိုက် ပေးသွင်းရမယ်လို့ ဆိုပါတယ်။
ဒါ့ပေမယ့် မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်းမှာ မြေပြုပြင်ခြင်းလုပ်ငန်းအတွက် မြေကျင်းပေါင်း သောင်းချီ အသုံးပြု ခဲ့ရပေမယ့် ကုမ္ပဏီတွေအနေနဲ့ မြေတူးဖော် ရောင်းချမှုအတွက် ဓာတ်သတ္တုခွန် ပေးဆောင်ဖို့ ပျက်ကွက်နေတာကြောင့် ပြည်နယ်အတွက် အခွန်အခတွေ နစ်နာဆုံးရှုံးနေရတယ်လို့ ပြောပါတယ်။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး စစ်အစိုးရရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီး နိုင်လယိတမ ကတော့ ၁၈၇၆ ခုနှစ် အောက်မြန်မာနိုင်ငံ မြေနှင့်အခွန် အက်ဥပဒေ ပုဒ်မ-၃၈ (က)နဲ့ ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေ အက်ဥပဒေ ပုဒ်မ-၂၃ (က)တို့ အရ အခွန် ကောက်ခံ ရမယ့် ဓာတ်သတ္တု ၈ မျိုးထဲမှာ မြေကြီးခွန် ပေးဆောင်ဖို့ မပါဝင်ဘူးလို့ ဖြေကြားခဲ့တာပါ။
ဝန်ကြီးရဲ့ ဖြေကြားချက်အရ မော်လမြိုင် ငွေမိုးလုပ်ငန်းစုက လုပ်ပိုင်ခွင့်ရရှိထားတဲ့ လှိုင်ရတနာမြို့သစ် စီမံကိန်းအတွက် တောင်ဝိုင်းတောင်ကနေ မြေကျင်းပေါင်း သောင်းနဲ့ချီ တူးဖော်ထုတ်ယူခဲ့ပေမယ့် မြေကြီးခွန် ပေးသွင်းခဲ့တာ မရှိဘူးလို့ နားလည်ရပါတယ်။
ကျူးကျော်အကြောင်းပြချက်နဲ့ သိမ်းဆည်းခဲ့တဲ့ မြေတွေမှာ မြို့သစ်ဖော်ဆောင်ခဲ့တဲ့ ဒီစီမံကိန်းကို အရင် မွန်ပြည်နယ် စစ်ကောင်စီက ၆၀ ရာခိုင်နှုန်း၊ ငွေမိုးလုပ်ငန်းစုက ၄၀ ရာခိုင်နှုန်း ရှယ်ယာရရှိထားပါတယ်။
ဒီစီမံကိန်းကတော့ အစိုးရဘက်ကတော့ အရင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကြည်သိန်း၊ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုးမြှင့်ခံရတဲ့ အရင် ရတခတိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ လက်ရှိ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့က ဦးဆောင်ပါဝင်ခဲ့ပါတယ်။
အရင်က လှိုင်ရတနာမြို့သစ် စီမံကိန်းဟာ စစ်မှုထမ်းဟောင်းတွေနဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ပေးဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ စီမံကိန်းက ဖော်ထုတ်ခဲ့တဲ့ မြေကွက်တွေကို သိန်းထောင်ချီနဲ့ ပြန်လည်ရောင်းစားနေတာပါ။
မော်လမြိုင် လှိုင်ရတနာမြို့သစ်စီမံကိန်းမှ ဖော်ထုတ်လိုက်တဲ့ မြေကွက်ပေါင်း ထောင်ချီကို ဇုန် A ၊ B နဲ့ C အဖြစ် အမျိုးအစား သုံးမျိုး ခွဲခြားသတ်မှတ်ပြီး ဇုန်အလိုက် မြေကွက်တစ်ကွက်ကို သိန်း ၇၅၀ ကနေ သိန်း ၄၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။
မြို့ခံတွေကတော့ လှိုင်ရတနာမြို့သစ်စီမံကိန်းဟာ အရင် စစ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ မော်လမြိုင် ခရိုနီ ဦးမိုးကျော်တို့ ပူးပေါင်းပြီး လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား လုပ်ကာ ပေါင်းစားမှု ဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

