မကွေး မတ် ၂၆
မကွေးတိုင်း မကွေးမြို့ရှိ စစ်ကော်မရှင် လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်လို့ ထိခိုက်မှုတွေရှိတယ်လို့ Brave Warriors For Myanmar အဖွဲ့ကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် ည ၁၁ နာရီကျော်မှာ မကွေးလေတပ်စခန်းထဲကို ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၁ လုံးလုံး ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
“တိုက်ခိုက်တဲ့အချိန်ကိုတော့ မသိလိုက်ဘူး။ ဒါပေမဲ့ ဒီနေ့ (မတ် ၂၆) တော့ လေယာဉ်တက်တာ မတွေ့ရသေးဘူး။ အများအားဖြင့် နေ့တိုင်း ငဖဲဘက်ကို သွားတာများတယ်။”လို့ မကွေးဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မကွေးလေတပ်စခန်းမှာ ရှော့တိုက်ဒုံးတွေ ပေါက်ကွဲပြီးနောက်ပိုင်း ဆေးရုံကားတွေ လေတပ်အတွင်း အဝင်အထွက်ရှိခဲ့တယ်လို့ BWM ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ပြင်ဆင်ထားတဲ့ ဗုံးသီးတွေ မတည်ငြိမ်တော့ဘဲ အချိန်မရွေး ထပေါက်နိုင်တာကြောင့် စစ်ကော်မရှင်တပ်တွေက စစ်ဆေးဖို့ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုကို BWM ရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF)၊ Infinity(အညာ) အဖွဲ့၊ Justice Brothers Force အဖွဲ့တို့ဟာ ဒေါင်းစစ်အောင်အဖွဲ့၊ မြိုင်ပကဖ အဖွဲ့တို့နဲ့ ပူးပေါင်းပြီး BWM ရဲ့ Mission 53 အဖြစ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

