မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၀
အိမ်နီးချင်း ထိုင်းအစိုးရက မြန်မာ့ငြိမ်းချမ်းရေးအတွက် ကြားဝင်မစွက်ဖက်ဘဲ အကူအညီပေးမယ်လို့ ကမ်းလှမ်းမှုအပေါ် အကျိုးစီးပွားကြောင့် ဖြစ်ပေမယ့် ဖိအားပေးလို့ ရနိုင်မှာ မဟုတ်ဘူးလို့ တောင်ပိုင်းအခြေစိုက် တိုင်းရင်းသားအဖွဲ့တွေက သံလွင်တိုင်မ်းကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုလာရင် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်တွင်းအဆင့် ဆက်သွယ်မှုတွေ အထမြောက်စေရေး ကူညီပေးဖို့ အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
မြန်မာအနေနဲ့ ပြည်တွင်းဆွေးနွေးမှုတွေ ပထမဆုံး အစပြုရမှာ ဖြစ်တာကြောင့် ထိုင်းနိုင်ငံအနေနဲ့ နှစ်ဘက်စလုံးကို ဆွေးနွေးလာစေရေး စည်းရုံးလှုံ့ဆော်နေတာ မဟုတ်ဘဲ မြန်မာ့ငြိမ်းချမ်းရေးဟာ ပြည်တွင်းရင်ကြားစေ့မှုကနေ ထွက်ပေါ်လာရမယ်လို့ ပြောဆိုခဲ့တာပါ။
ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘောတွေ့ဆုံချိန်မှာ ပြောဆိုကြောင်း ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။
စစ်ကော်မရှင်ကလည်း နောင်တက်လာမယ့် အစိုးရဟာ တည်ငြိမ်မှု ပြန်လည်ရရှိရေး ရည်ရွယ်ပြီး အမျိုးသား ရင်ကြားစေ့ရေး ကြိုးပမ်းမှာဖြစ်ကြောင်းနဲ့ အစိုးရအဖွဲ့သစ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့တွေ အပါအဝင် အတိုက်အခံ အုပ်စုတွေနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့လည်း ဦးသန်းဆွေက ပြောကြားကြောင်း ဆီဟာဆက်က ဆိုပါတယ်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက နယ်စပ်တည်ငြိမ်ရေးကို ထိန်းထားနိုင်ရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို အားပေးရာရောက်တာကြောင့် ဘယ်လို ချဉ်းကပ်လာမလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နယ်စပ်တည်ငြိမ်အေးချမ်းရေးကို သူတို့ ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကိုလည်း တစ်စုံတစ်ရာ အားပေးအာမြောက်ရာရောက်တဲ့အတွက်ကြောင့်မို့ ဒါကတော့ တချက်ခုတ် နှစ်ချက်ပြတ်လို့ ပြောလို့ရပါတယ်။သူတို့ဘက်က ဒါကတော့ လုပ်နေကျ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။အဲဒီအပေါ်မှာ ကျွန်တော်တို့ အနေနဲ့ကတော့ စောင့်ကြည့်ရမယ့် အခြေအနေရှိတယ်။အရင်ပုံစံနဲ့ မတူညီတဲ့ ချဉ်းကပ်မှုနဲ့ လာမလား ဒါမှမဟုတ်လည်း အရင်ကအတိုင်း ဖြစ်မလားဆိုတာကတော့ ကျွန်တော်တို့ အခုချိန်မှာ ပြောလို့ အရမ်းစောပါသေးတယ် ခင်ဗျ”လို့ ဆိုပါတယ်။
ဆွေးနွေးမှုတွေ စတင်တာ၊ အရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ လျှော့ချ ကန့်သတ်တာမျိုးလို ခိုင်မာတဲ့ လုပ်ရပ်တွေက မြန်မာကို အာဆီယံနဲ့ ပြန်လည် အဆင်ပြေဖို့ အထောက်အကူဖြစ်လာစေလိမ့်မယ်လို့ ထိုင်းဘက်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိုင်းအစိုးရက မြင်တွေ့လိုကြောင်းနဲ့ အဲဒီလို ဖြစ်လာရင် ထိုင်းနိုင်ငံလုံခြုံရေးအတွက်လည်း အကျိုးများမှာ ဖြစ်သလို နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက်လည်း အဆင်ပြေလာစေမယ်လို့ ဝန်ကြီး ဆီဟာဆက်က ပြောကြားခဲ့တာပါ။
ဒါ့အပြင် စစ်ကော်မရှင်အနေနဲ့ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဖော်ပြထားတဲ့ စိုးရိမ်မှုတွေကို တုံ့ပြန် ဖြေရှင်းဖို့လည်း တိုက်တွန်းထားပြီး ထိုင်းရဲ့ မူဝါဒက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ မြန်မာနဲ့ အာဆီယံကြား တိုက်ရိုက်စေ့စပ်မှု ပြန်လည် ရှင်သန်လာစေရေးလို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက မြန်မာ့ပြဿနာကို ထိုင်းက နားမလည်နိုင်ဘူးဖြစ်နေတဲ့အတွက် ထိုင်းအစိုးရတောင်မှ ဖြေရှင်းဖို့ ဖိအားပေးလုပ်ဆောင်လာနိုင်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ထိုင်းကတော့ ပုံမှန်အတိုင်းပဲ။သူကတော့ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ချိတ်ဆက်နေတဲ့ နိုင်ငံဖြစ်တယ်။ တချိန်တည်းမှာပဲ သူ့ရဲ့ စီးပွားရေးဖြစ်တဲ့ နယ်စပ်ဖြတ်ကျော်တဲ့ ကုန်စည်စီးဆင်းမှုတွေ အများကြီးရှိတယ်။ ဒါတွေက သူတို့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို သူတို့ လိုလားတာ ဖြစ်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အဓိက နိုင်ငံရေးပြဿနာက ဘာလဲဆိုတာတော့ ထိုင်းအစိုးရအပါအဝင် ထိုင်းတွေ တော်တော်များများတောင် နားမလည်နိုင်ဘူးဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ သိရတယ်။ ထိုင်းအစိုးရတောင်မှ မြန်မာနိုင်ငံရဲ့ အတွင်းရေးပြဿနာကို ဖြေရှင်းဖို့ကလည်း ဘာမှ ဖိအားပေးလုပ်ဆောင်လာနိုင်မှာတော့ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် တရားမဝင် နယ်စပ်ကုန်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု စတဲ့ တရားမဝင် လုပ်ငန်းတွေ တိုက်ဖျက်ရေး အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ပူးပေါင်းတိုက်ဖျက်ရေးတို့မှာ အရှိန်မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး စတဲ့ ကဏ္ဍစုံပူးပေါင်းမှုတွေ ထိုင်းရောက် မြန်မာအလုပ်သမားအရေးတွေ အပါအဝင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကဏ္ဍ တိုးမြှင့်နိုင်ရေး နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။
ဒါ့အပြင် နှစ်နိုင်ငံအကြား ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းရေးကို ဆွေးနွေးကြတယ်လို့ ဖော်ပြထားပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောပြတဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတဲ့ကိစ္စကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

