မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ်မှာ စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း သင်တန်းအတွက် လူငယ်တွေ ဆက် တိုက်ပေါ်တာဆွဲ ဖမ်းဆီးခံနေရတာကြောင့် အထူးသတိထား သွားလာကြဖို့ ဒေသခံတွေက သတိ ပေးတိုက်တွန်းလိုက်ပါတယ်။
စစ်ကော်မရှင်ဟာ အခုလအတွင်း ဖွင့်လှစ်ဖို့ ရှိနေတဲ့ ပြည်သူ့ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၂ အတွက် ဒေသတွင်းက လူငယ်တွေကို နည်းအမျိုးမျိုးနဲ့ စီမံချက်ချပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညကလည်း စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာ သုဝဏ္ဏဝတီမြို့ ပဲခူးစုရပ်ကွက်နဲ့ သထုံမြို့နယ် နောင်ဘိုကျေးရွာတို့မှာ လူငယ် ၃၀ ကျော်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာပါ။
သထုံမြို့နယ် အမတ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်သူကတော့ စစ်မှုထမ်းအတွက် လူငယ်တွေကို စီမံချက်နဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် လူငယ်တွေအနေနဲ့ ညဘက် ပွဲလမ်းသဘင် သွားလာတာတွေ ရှောင်ရှားကြဖို့ တိုက်တွန်းပါတယ်။
“ဒီရက်ပိုင်းမှာ အယောက် ၁၀၀ ဆွဲဖို့ သူတို့ စီမံချက် လုပ်ထားတယ် ကြားတယ်။ လူငယ်တွေအနေနဲ့ကလည်း ပွဲလမ်းသဘင်တွေတော့ အတတ်နိုင်ဆုံး ရှောင်စေချင်တာပေါ့နော်။ နေ့လယ်နေ့ခင်း သွားတာမျိုးကတော့ ပြဿနာမရှိပေမယ့် မိုးချုပ်ပိုင်း ညဘက်ပိုင်းဆိုရင်တော့ သူတို့ဘက်ကနေပြီးတော့ ဆင်ထားတဲ့ ခွင်ထဲဝင်သွားမယ့် သဘောမျိုး ဖြစ်နေတာပေါ့နော်”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဟာ စစ်မှုထမ်းအတွက် စီမံချက်နဲ့ ဖမ်းဆီးနေတာ ဖြစ်တာကြောင့် မဖြစ်မနေ သူတို့ သတ်မှတ်ထားတဲ့ လူငယ် အရေအတွက် ရရှိအောင် ဖမ်းဆီးမှာ ဖြစ်တဲ့အတွက် အထူးသတိ ထား သွားလာကြဖို့ သူက တိုက်တွန်းပါတယ်။
လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတဲ့ နေရာမှာတော့ မသင်္ကာဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာ၊ ဆိုင်ကယ် အမျိုးသား နှစ်ယောက် မစီးရ သတ်မှတ်ထားတဲ့ နေရာတွေမှာ နှစ်ယောက် စီးပါက ဖမ်းဆီးတာ အပြင် စစ်မှုထမ်း မဲပေါက်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေအထိ လိုက်လံ ဖမ်းဆီးနေတာပါ။
လူငယ် တစ်ဦးကတော့ လူငယ်တွေကို ပြည်တွင်းစစ်ကြီးထဲမှာ စစ်မှုထမ်းသင်တန်းတွေ ပေးပြီးနောက် ရှေ့တန်းတွေထံ ပို့ဆောင်မှုကြောင့် လူငယ်တွေ အများကြီး ဆုံးရှုံးနေပြီး ဒီလုပ်ရပ်အပေါ် ရှုံ့ချတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်မှုထမ်း သင်တန်းပြီးနောက် ရှေ့တန်း တန်းပို့တဲ့ အခါကျတော့ ကျွန်တော်တို့ လူငယ်တွေ အများကြီး ဆုံးရှုံးတယ်။ ကြားရတဲ့ သတင်းကလည်း တချို့ မိသားစုတွေ ဆိုလို့ရှိရင် ပြန်မရောက် လာတာတို့ အဲဒီလိုမျိုး လွမ်းဆွေးနေရတဲ့ အဖြစ်ပေါ်မှာ ကျွန်တော်ကတော့ လုံးဝ ဒီဟာကြီးကို ရှုံ့ချတာပေါ့”လို့ ဆိုပါတယ်။
တဖက်မှာ စစ်ကော်မရှင်ဟာ သူတို့ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်း သင်တန်းအတွက် သတ်မှတ် လူငယ် အရေအတွက် ရရှိအောင် မဖြစ်မနေ စုဆောင်းဖို့ ဖိအားပေးတာ ခံဝန်ထိုးခိုင်းတာတွေ ရှိနေတာပါ။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင်က လစဉ် ဖွင့်လှစ်နေတဲ့ ပြည်သူ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၁ အထိ လူငယ် ၄၂၀၀ နီးပါး စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

