မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၂
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တော်လှန်ရေးအောင်မြင်အောင် ဆင်နွှဲဖို့ စုပေါင်းဦးဆောင်မှု အခင်းအကျင်းသစ်ကို ပုံဖော်ဖို့ ကြိုးပမ်းနေကြပါတယ်။
တော်လှန်ရေးနဲ့ ပတ်သက်ပြီး NUG ၊ KNU ၊ KNPP ၊ CNF နဲ့ KIO တို့အကြား ပြန်လည်ပေါင်းစည်းရေးနဲ့ စုဖွဲ့ရေးတွေ လုပ်နေပြီး ဖေဖော်ဝါရီ ပထမပတ်အတွင်း ဆွေးနွေးခဲ့တယ်လို့ KIO ဒုဥက္ကဋ္ဌ ၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က စတင်အသိပေးခဲ့တာပါ။
ဖေဖော်ဝါရီ ၈ ရက်နေ့က အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားမှာ သူက အွန်လိုင်းကနေ မိန့်ခွန်းပြောချိန်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း NUG ၊ KNU ၊ KNPP ၊ CNF နဲ့ KIO တို့ အွန်လိုင်းကနေ အစည်းအဝေးလုပ်ပြီး လက်ရှိ တော်လှန်ရေးကို အောင်မြင်အောင် ဘယ်လိုဆင်နွှဲမလဲဆိုတာကို ဦးစားပေး ဆွေးနွေးတာလို့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ဆိုပါတယ်။
သတင်းမီဒီယာမှာ ဖော်ပြလာတဲ့ Steering Council ဆိုတဲ့ စုပေါင်းဦးဆောင်မှုကောင်စီဟာ မျှော် မှန်းတဲ့ ဝေါဟာရတစ်ခုသာ ဖြစ်ပြီး အတည်ပြုထားတာ မဟုတ်သေးတဲ့အတွက် ဆက်လက်ဆွေး နွေးနေတဲ့ အဆင့်မှာပဲ ရှိတယ်လို့ သူက ပြောဆိုခဲ့တာပါ။
NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကလည်း လူထုရဲ့ လိုလားချက်လည်းဖြစ် တော်လှန် ရေးရဲ့ လိုအပ်ချက်လည်းဖြစ်တဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံး စုပေါင်းပြီး ဦးဆောင်နိုင်မယ့် အခင်းအကျင်းတစ်ခု ပေါ်ပေါက်ဖို့ ဆွေးနွေးနေတာ ရှိတယ်လို့ PVTV ကနေ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဖြေကြားခဲ့ပါတယ်။
ဆွေးနွေးမှုမှာ ပါဝင်တဲ့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက တော်လှန်ရေးမှာ ၅ နှစ်တာ အတွေ့အကြုံကို ယူပြီး အဲဒီထက် ကျစ်လစ်ခိုင်မာတဲ့ ဦးဆောင်မှုတစ်ခုကို ဖွဲ့စည်းတည် ဆောက်ဖို့ ရည်ရွယ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီ ၅ နှစ်တာ နိုင်ငံရေးအခင်းအကျင်းမှာ ကျွန်တော်တို့ အဲဒီထက် ယခင်က စုဖွဲ့မှုထက် ပိုပြီး အား ကောင်းတဲ့ ကျစ်လစ်ခိုင်မာတဲ့ အားလုံးပါဝင်တဲ့ ဦးဆောင်မှုတစ်ခုကို ပိုမို ကျစ်လစ်ခိုင်မာအောင် ဖွဲ့စည်းချင်တာ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ နဂိုရပ်တည်ချက်အတိုင်း စစ်အာဏာရှင်မှန်သမျှ ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ဟာကို မြန်မြန်ဆန်ဆန်နဲ့ သွားနိုင်အောင်ဆိုပြီးတော့မှ ဒီ ၅ နှစ်တာ အတွေ့အကြုံကို ယူပြီးတော့ အဲဒီလို အားကောင်းတဲ့ စုဖွဲ့မှုတစ်ခုကို ကျွန်တော်တို့ ဖွဲ့စည်းတည်ဆောက်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ဒါဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း K3C တို့ရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တော်လှန်ရေး အရွေ့တစ်ခုကို အရောက်လှမ်းနိုင်မယ့် အနေအထားလို့ နားလည်ရပါတယ်။
ဒီအပေါ် လေ့လာသူတွေက ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း NUG နဲ့ K3C တို့ကြား စုပေါင်းဦးဆောင်မှု မလုပ်နိုင်ခဲ့တာလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေသလို အခုချိန်ကျမှ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ဆောင်တာဟာ နောက်ကျနေပြီဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပြန်ပါတယ်။
ဆလိုင်းထက်နီကတော့ တော်လှန်ရေးအင်အားစုတွေကြား အရင်ကတည်းက စုဖွဲ့မှုတွေ လုပ်လာခဲ့တဲ့အတွက် အခုအခါမှာ ဦးဆောင်မှုတစ်ခုအောက်ကနေ သွားနေတဲ့ စုဖွဲ့မှုတစ်ခုကို အဓိက ဦးတည်တာဖြစ်လို့ နောက်မကျဘူးလို့ ပြောပါတယ်။
တစ်ဘက်မှာ အာဏာသိမ်း စစ်တပ်က နိုင်ငံရေးတရားဝင်မှုရဖို့ အတုအယောင် ရွေးကောက်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး မတ်တတိယပတ်မှာ လွှတ်တော်ခေါ်ယူကာ ဧပြီမှာတော့ ရွေးကောက်ခံဆိုတဲ့ ဂုဏ်ပုဒ်အဖြစ် အစိုးရတစ်ရပ် ဖွဲ့စည်းတော့မှာပါ။
အဲဒီ အစိုးရကလည်း လက်ရှိ စစ်ကော်မရှင်မှာ တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် အပါအဝင် အခြားစစ်ဗိုလ်ချုပ်တွေနဲ့ ရွေးကောက်ပွဲအနိုင်ရ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကပဲ ဗဟိုအာဏာစက်ကို အုပ်စိုးခြယ်လှယ်မယ့် အခင်းအကျင်း ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ မိန့်ခွန်းထဲမှာ ပြောဆိုခဲ့တဲ့ စစ်ရေးရည်မှန်းချက်ကို ကြည့်ရင် စုပေါင်းဦးဆောင်မှုဟာ တွန်းအားဖြစ်မယ်လို့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒါကြောင့်မို့လို့ စုပေါင်းခေါင်းဆောင်မှုဟာ Command Line (အမိန့်ပေးကွပ်ကဲမှု) တစ်ခုအောက်မှာ မဟာဗျူဟာ ကျကျ စစ်ရေးဖော်ဆောင်မယ်ဆိုရင် စစ်တပ်သည် တိုက်စစ်ပတ်လည် အဖွင့်ခံရတဲ့ ပုံစံမျိုးနဲ့ တပ်အလှုပ်အရွေ့ကို မလုပ်နိုင်တော့တဲ့အခါမှာ တော်လှန်ရေး အင်အားစုတွေဘက်က အောင်မြင်မှုရလာမယ်လို့ ယုံကြည်တယ်။ဒါကြောင့်မို့လို့ စစ်ရေးဘက်မှာရော နိုင်ငံရေးဘက်မှာရော စုပေါင်းခေါင်းဆောင်မှုသည် မရှိမဖြစ် လိုတယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ မိန့်ခွန်းထဲမှာတော့ ကချင်၊ နာဂ၊ ချင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းကို တည်ငြိမ်အောင် ကြိုးစားနေပြီး အဲဒီ မြောက်ပိုင်းတစ်ခုလုံး တည်ငြိမ်သွားလို့ရှိရင် အောက်ပိုင်းကို အလွယ်တကူ ထိန်းသိမ်းနိုင်မှာဖြစ်ကာ ဒါဟာ စစ်ရေးရည်မှန်းချက်ဖြစ်တယ်လို့ ပြောကြားထားတာပါ။
NUG အပါအဝင် K3C လို့ ခေါ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ဟာ နိုင်ငံရေးဘုံသဘောရပ်တည်ချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ပူးတွဲကြေညာခဲ့ကြပါတယ်။
ဘုံသဘောရပ်တည်ချက်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး ဒီမိုကရေစီနည်းကျ ရွေး ကောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီး တိုင်ဖျက်သိမ်းဖို့နဲ့ အဲဒီဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ဖို့လည်း ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

