ပွင့်ဖြူ ၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာကို စစ်ကော်မရှင်တပ်တွေက ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်တွေ ဆုတ်ခွာထွက်ပြေးရာမှာ ညောင်ပင်စောက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

“အခု သူတို့ဘက်က မနေ့ကရော ဒီနေ့ရော အထိနာတယ်။ မှန်လုံကားတွေ ကားကြီးတွေနဲ့ အလောင်းတွေ သယ်ထုတ်နေရတယ်။ ဒီနေ့လည်း PDF တွေရှိတဲ့ဘက်ကို တိုးတာမှာ ဟိုက ပြန်ပစ်လို့ ဆုတ်ပြေးရင်းနဲ့ ဒီရွာကို မီးရှို့နေတာ” လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေက ရွာထိပ်ကစလို့ မီးရှို့ဖျက်ဆီးတာကြောင့် ညောင်ပင်စောက်ကျေးရွာက နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် ဒေသခံတွေ ပြောစကားအရ စစ်ကော်မရှင်ဘက်က စစ်လက်နက်ပစ္စည်းတွေအပြင် ပျူစောထီးနဲ့ စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေက ပျူစောထီးတွေနေထိုင်တဲ့ ကျောင်းကုန်းကြီးကျေးရွာကတဆင့် ရေပုတ်ကလေး၊ ပေတောကျောင်းကုန်းဘက်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး လတ်တလောမှာတော့ ကျောင်းကုန်းကြီးဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်တွေက မရှောင်တိမ်းနိုင်လို့ ကျန်နေရစ်တဲ့ ဒေသခံပြည်သူ ၂၂ ဦးဝန်းကျင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.