တနင်္သာရီ၊ ဇန်နဝါရီ ၆

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ PDF စခန်းတစ်ခု ဒရုန်းနဲ့ဗုံးကြဲခံခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

တမုတ်ချုံးကျေးရွာအခြေစိုက် တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စခန်းကို မနေ့ ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီအချိန်လောက်မှာ အောက်ကင်းကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက ဒရုန်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကော်မရှင်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ စခန်းတစ်ခုလုံးနီးပါး ထိခိုက်ပျက်စီးသွားသလို ပြည်သူ့ကာကွယ်ရေးရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေး ဝါးကုသမှု ခံယူနေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီမတိုင်ခင် စစ်ကော်မရှင်တပ်ဟာ အင်အားအများအပြားနဲ့ တနင်္သာရီမြို့ဘက်ကနေ အောက်ကင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒရုန်းနဲ့ကင်းထောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းဗုံးကြဲခံရတဲ့ တောင်ပံနီစခန်းဟာ အခိုင်အမာ တည်ဆောက်ထားတဲ့ တပ်စခန်းမဟုတ်တာကြောင့် ပျက်ဆီးဆုံးရှုံးမှု အများကြီးမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ် ၃၀ ရက်နေ့ကလည်း တမုတ်ချုံးကျေးရွာမှာရှိတဲ့ PDF ကင်းစခန်းတစ်ခု အလစ်ငိုက် တိုက်ခိုက်ခံရတာကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.