မော်လမြိုင်၊ ဇန်နဝါရီ ၆

မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့တွေကို စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၂ မှာ ပါဝင်တဲ့ မြို့တွေဖြစ်ကြတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲနဲ့ဖာပွန်မြို့ နယ်သို့ ပို့ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီလအစောပိုင်းရက်တွေကစပြီး ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲမြို့နယ်နဲ့ ဖာပွန်မြို့နယ် ကမမောင်းမြို့တွေဆီ စစ်ကော်မရှင်တပ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေကို ပို့ဆောင်နေပြီး ဇန်နဝါရီ ၃ ရက်နေ့က ဘားအံမြို့ထဲကို စစ်ကားအစီးရေ ၂၀ ကျော် ဖြတ်လာတာကိုတွေ့ရတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အင်အားများစွာပါဝင်တဲ့ စစ်ကော်မရှင်တပ်စစ်ကားတွေဟာ ဘားအံမြို့ကိုဖြတ်လာပြီး အဲဒီကနေတစ်ဆင့် လှိုင်းဘွဲမြို့နယ်ဘက်ဆီ ဦးတည်ထွက်ခွာသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွေးကောက်ပွဲအပိုင်း ၂ ကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ စစ်ကော်မရှင်က ပြုလုပ်ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း ၂ မှာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နဲ့ ဖာပွန်မြို့နယ်တို့ ပါဝင်နေတာဖြစ်ပါတယ်။

လက်ရှိအနေအထားအရ KNU သိမ်းပိုက်ထားတဲ့ ဖာပွန်မြို့ပေါ်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်ပေမယ့် ကမမောင်းမြို့ပေါ်မှာတော့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လှိုင်းဘွဲမြို့နယ်ထဲမှာလည်း လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာတွေအချို့မှာသာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖွယ်ရှိနေတာပါ။

ဒါ့အပြင် ရွေးကောက်ပွဲအပိုင်း ၂ မှာပါဝင်နေတဲ့ ဖာပွန်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး တော်လှန်ရေးတပ်တွေဝိုင်းရံထားတဲ့ ဖာပွန်ဗျူဟာမကျရေးအတွက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ် ပြုလုပ်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုထားပါတယ်။

ဖာပွန်ဗျူဟာဆီ စစ်ကူပေးနိုင်ရေးအတွက် စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့အောက်တိုဘာလက တည်းက ကမမောင်းမြို့ကနေ စစ်ကြောင်းအကြိမ်ကြိမ်ထိုးလာခဲ့ရာ ဝါးဒူးကျေးရွာအထက်နားမှာ တော်လှန်ရေးအင်အားစုအဖွဲ့တို့နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အထိနာခဲ့တဲ့နောက် ဝါးဒူးရွာကို ပြန်လည်ဆုတ်ခွာသွားခဲ့ရတာပါ။

ကမမောင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ကတိုင်တိစခန်းနဲ့ ဖာပွန်ဗျူဟာဆီ စစ်ကူပေးနိုင်ဖို့ဖြစ်ပြီး တော်လှန်ရေးအင်အားစုအဖွဲ့တို့ရဲ့ တိုက်ခိုက်မှုကြောင့် လအတန်အကြာ ရှေ့ဆက်မတိုးနိုင်ဘဲ ဝါးဒူးရွာအနီးမှာသာ ရောက်ရှိတပ်စွဲနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.