ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၂၄

ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ် မာဒူရိုရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို တားဆီးရေး အမြင့်မားဆုံး အတိုင်းအတာနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း အမေရိကန်က ကုလသမဂ္ဂမှာ ဒီဇင်ဘာ ၂၃ ရက်က ပြောကြား လိုက်ပါတယ်။

ဗင်နီဇွဲလား ပြီးရင်တော့ တခြား လက်တင်အမေရိကနိုင်ငံတွေ အလှည့် ရောက်ရှိလာနိုင်တယ်လို့ ရုရှားက သတိပေးထားပါတယ်။

ဗင်နီဇွဲလား ကမ်းရိုးတန်းနဲ့ လက်တင်အမေရိကရဲ့ ပစိဖိတ် ကမ်းရိုးတန်းကနေ ထွက်လာတဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ လှေတွေကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က စစ်ခင်းနေတာ လများစွာ ကြာပြီ ဖြစ်ပါတယ်။

ဗင်နီဇွဲလား မြေပေါ်မှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ထရန့်က ခြိမ်းခြောက်ထားပါတယ်။

အမေရိကန်နဲ့အနီးတဝိုက်ဒေသအတွက် တစ်ခုတည်းသော အပြင်းထန်ဆုံး အန္တရာယ်ဟာ နိုင်ငံဖြတ်ကျော် အကြမ်းဖက်သမားတွေနဲ့ ရာဇဝတ်ကောင် အဖွဲ့တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောပါတယ်။

အမေရိကန်က ဗင်နီဇွဲလားနဲ့အနီးတဝိုက်မှာ စစ်အင်အား တိုးမြှင့်ချထားပြီး အမေရိကန်က ဒဏ်ခတ်မှုမှာ ပါဝင်တဲ့ သင်္ဘောအားလုံးကို ပိတ်ဆို့ဖို့ ထရန့်က ကြေညာထားပါတယ်။

ကာရေဘီယံပင်လယ်ရှိ ရေနံတင်သင်္ဘော နှစ်စီးကို အမေရိကန် ကမ်းခြေစောင့်တပ်က အခုလအတွင်း ဖမ်းဆီးခဲ့ပြီး နှစ်စီးစလုံးဟာ ဗင်နီဇွဲလားက ရေနံတွေ အပြည့် တင်ဆောင်လာတာ ဖြစ်ပါတယ်။

အိုပက်ဇ်အဖွဲ့ဝင် ဗင်နီဇွဲလားရဲ့ ကမ်းခြေနားကို ချဉ်းကပ် ရောက်ရှိနေတဲ့ တတိယမြောက် ရေနံတင်သင်္ဘော တစ်စီးနောက်ကို အမေရိကန် ကမ်းခြေစောင့်တပ်က ဖမ်းဆီးဖို့ လိုက်သွားခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ရေနံတင် သင်္ဘောတွေရဲ့ အခြေအနေမှန်ဟာ မာဒူရိုနဲ့ သူ့ရဲ့ တရားမဝင် အစိုးရတို့ အတွက် ပင်မ စီးပွားရေး အသက်သွေးကြောအဖြစ် လုပ်ကိုင်ပေးနေတာ ဖြစ်ပြီး အဲဒီ ဒဏ်ခတ်ထားတဲ့ ရေနံတင် သင်္ဘောတွေက ဒီလော့စ်ဆိုလက်စ် အကြမ်းဖက် မူးယစ်ဂိုဏ်ကိုလည်း ရန်ပုံငွေတွေ ထောက်ပံ့နေတယ်လို့ အမေရိကန်က ပြောပါတယ်။

အဲဒီမူးယစ်ဆေးဝါးဂိုဏ်းကို အမေရိကန်က ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြီးခဲ့တဲ့လက သတ်မှတ်ခဲ့ပါတယ်။

မာဒူရိုက အဲဒီ ဂိုဏ်းကို ဦးဆောင်နေတာ ဖြစ်တယ်လို့လည်း အမေရိကန်က စွပ်စွဲထားပါတယ်။

တရုတ်၊ ရုရှားတို့ရဲ့ အကူအညီနဲ့ ဗင်နီဇွဲလားက ခေါ်ယူပေးဖို့ ပြောခဲ့တဲ့ အစည်းအဝေးမှာ အမေရိကန် သံအမတ်ကြီးက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပြီး အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ဗင်နီဇွဲလားက ပယ်ချထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.