ချောင်းဆုံ ၊ ဒီဇင်ဘာ ၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)မှာ အာဏာသိမ်း စစ်ကော်မရှင်က တရုတ်နည်းပညာအကူအညီနဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင် ဘာ ၇ ရက်နေ့က ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာရှိ မင်္ဂလာသုခကျောင်းတိုက်မှာ ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တာပါ။
အဲဒီတွေ့ဆုံမှာ ဦးအောင်ကြည်သိန်းက နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်ပေးနိုင်ဖို့အတွက် ၃၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို ချောင်းဆုံမြို့နယ်ရှိ ကလွီကျေးရွာနဲ့ ဒရယ်ကျေးရွာကြားမှာ တည်ဆောက်သွားမယ်လို့ အသိပေးလာတာပါ။
ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ရတာဟာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်ပေးနိုင်ရေးနဲ့ ဒေသတွင်း လျှပ်စစ် ဓာတ်အား အပြည့်အဝ ရရှိစေဖို့ ဖြစ်တယ်လို့ ဦးအောင်ကြည်သိန်းက ဆိုပါတယ်။
ချောင်းဆုံ ဒေသခံ တစ်ဦး ကတော့ ကျောက်မီးသွေးစက်ရုံဟာ ကောင်းကျိုးရော ဆိုးကျိုးရော ရှိပေမယ့် ဆိုးကျိုးအနေနဲ့ သားငါးကဏ္ဍအပြင် လူတွေကိုပါ ထိခိုက်မှုတွေ ရှိနိုင်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကောင်းကျိုးဆိုးကျိုးတော့ နှစ်ခု စလုံး ရှိတာပေါ့။ ဆိုးကျိုးဆိုရင် မြစ်ရေတွေ ကျသွားရင် မုတ္တမကွေ့ ဟိုဘက် ဆင်းသွားမယ်။ဆင်းသွားလို့ရှိရင် ဒီသားငါးတွေ သားဖောက်တဲ့အချိန်မှာ လာချတဲ့ နေရာတွေဆိုတော့ အဲဒီမှာပေါ့။ ကျွန်တော်တို့ မွန်ပြည်နယ်မှာ စားသုံးနေတဲ့ ငါးတွေ ပုစွန်တွေ ဂဏန်းတွေ ငါးရှဉ့်တွေ သားဖောက်တဲ့နေရာတွေ ဒီရေတောလည်း ရှိတာကို အဲနေရာတွေ ထိခိုက်မှု ရှိမှာပေါ့နော်။လူတွေနဲ့ ပတ်သက်ပြီးတော့လည်း အနံ့ဆိုးတွေ ထိခိုက်မှု ရှိတာပေါ့နော်”လို့ ဆိုပါတယ်။
ဒါ့အပြင် ကောင်းကျိုးအနေနဲ့ ကျောက်မီးသွေး စက်ရုံကြောင့် လျှပ်စစ်မီးရမှာ မှန်ပေမယ့် အမှန်တကယ် ဒေသတွင်းကို ပေးမလားဆိုတာကို စောင့်ကြည့် ရမှာ ဖြစ်သလို ဒေသတွင်းကို မပေးဘဲ တခြားနေရာကို ရောင်းစားပါက ဒေသခံတွေ အတွက် နှစ်ခါ နစ်နာမှု ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်ဟာ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖို့အတွက် ကလွီကျေးရွာနဲ့ ဒရယ်ကျေးရွာကြားမှာ ဒေသခံတွေရဲ့ လယ်ယာမြေ အပါအဝင် ဧက ၅၀ ကို ဝယ်ယူထားပါတယ်။
ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို တရုတ်ကုမ္ပဏီနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန် ၂၄ ရက်နေ့က တရုတ် သံအမတ် ချန်းဟိုင် လာရောက်စဉ် စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။
ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ဖို့အတွက် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သလို စက်ရုံ တည်ဆောက်ဖို့ အတွက်လည်း တရုတ်နိုင်ငံက ကုမ္ပဏီနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က ရေးမြို့နယ် အံဒင်ကျေးရွာမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့အတွက် MOU/ MOA လက်မှတ် ရေးထိုးခဲ့ပေမယ့် ဒေသခံတွေ ကန့်ကွက်ခဲ့တာကြောင့် လက်ရှိအချိန်ထိ ရပ်နားထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/CJ

