ရေး၊ နိုဝင်ဘာ ၂၇
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ အစင်-ဇီးဖြူသောင်ကျေးရွာလမ်းပိုင်းမှာ စစ်တပ် သြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ အစင်ကျေးရွာဘက်ကနေ ဇီးဖြူသောင်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့သွားတဲ့ အသက် ၅၀ ကျော်အရွယ် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲကို သေနတ်သမားတွေက အနောက်ကနေ လိုက်လာပြီး ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲဟာ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၇ ချက်ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် အစင်ကျေးရွာက ပြည်သူစစ်အဖွဲ့တွေ ပစ်ခတ်တဲ့နေရာကို လာရောက်စစ်ဆေးခဲ့ပြီး အလောင်းကို ရေးဆေးရုံသို့ ပို့ဆောင်ခဲ့ကာ အဲဒီနောက်ကျေးရွာအတွင်း လိုက်လံစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲဟာ စစ်ကော်မရှင်နဲ့အတူ ပေါ်တာဆွဲတာ၊ ပြည်သူတွေအပေါ် ရိုင်းစိုင်းစွာဆက်ဆံတာ၊ ကျေးရွာအတွင်း ဆိုင်ကယ်တွေ ခိုးယူလုယက်တာ၊ စစ်ကော်မရှင် အလိုကျ လုပ်ဆောင်ပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ရေးပြောက်ကျားတပ်ရင်း YGF က ထုတ်ပြန်ပါတယ်။
ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ဖဲထံကနေ လေးခွတစ်လက်၊ လက်ထိပ်တစ်ခု၊ ဝက်အူလှည့်တစ်ချောင်း၊ ဆေးပေါ့လိပ်နဲ့သောက်ဆေးအချို့ကိုသာ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း အနင်းကျေးရွာနဲ့နှစ်ကရင်ကျေးရွာကြားမှာ ရော်ဘာခြံကနေ နေအိမ်ပြန်လာတဲ့ အနင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

