သရက်ချောင်း၊ နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းကျေးရွာကို စစ်ကော်မရှင်တပ် စစ်ကြောင်း ဝင်မွှေပြီးနောက် နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀ ကျော်ကို ဝင်ရောက်မွှေနှောက်သွားတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ နေအိမ်တွေက တံခါးတွေကို ရိုက်ဖျက်ပြီးနောက် တန်ဖိုးရှိပစ္စည်းတွေကို အလုံးအရင်းနဲ့ ရှာဖွေယူဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ အောက်သရက်ချောင်းကျေးရွာအနီးပတ်ဝန်းကျင်မှာပဲ ဆက်ရှိနေတာကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး မသိရသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း ဆိတ်ချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဒေသခံ အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ မပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
သရက်ချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံကနေ သိရပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာဒုတိယအပတ်တုန်းကလည်း သရက်ချောင်းမြို့နယ် သိမ်ကုန်းကျေးရွာနဲ့ ကတွဲကျေးရွာတို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

