လောင်းလုံး၊ နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ညှင်းမော်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဖမ်းဆီးခံလိုက်ရတဲ့ PDF ရဲဘော်နှစ်ဦးနဲ့ အရပ်သား နှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေထံကနေ သိရပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ PDF ရဲဘော် နှစ်ဦးနဲ့ အရပ်သား တစ်ဦးရဲ့ အလောင်းကို နိုဝင်ဘာ ၁၅ ရက်နေ့က ကျေးရွာအတွင်းရှိ လူနေအိမ်အနောက်ဘက်တွေမှာ မြှုပ်နှံထားတာကို ပြန်လည်တွေ့ရှိခဲ့ပြီး အရပ် သား တစ်ဦးရဲ့ အလောင်းကိုတော့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြန်လည်တွေ့ရှိခဲ့တာပါ။

သူတို့လေးဦးရဲ့ ရုပ်အလောင်းတွေ ပြန်လည်တွေ့ရှိချိန် ညှင်းပန်းနှိပ်စက်ခံရပြီးမှ သတ်ဖြတ်သွားတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ PDF ရဲဘော် နှစ်ဦးဟာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသက် ၂၀ ကျော်အရွယ် လူငယ်တွေ ဖြစ်ပြီး ၊ အရပ်သား နှစ်ဦးက ညှင်းမော်ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးဝင်းနိုင်နဲ့ ဦးသိန်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

သတ်ဖြတ်ခံရတဲ့ PDF ရဲဘော် နှစ်ဦးဟာ ညှင်းမော်ကျေးရွာကို စစ်ကော်မရှင်တပ် စစ်ကြောင်းစထိုးတဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က ကျေးရွာထဲမှာ ဖမ်းခံလိုက်ရတာဖြစ်ပြီး အရပ်သားနှစ်ဦးက နောက်တစ်ရက်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ညှင်းမော်ကျေးရွာကနေ ပြန်ထွက်သွားပေမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျေးရွာထဲ စစ်ကြောင်းပြန်ထိုးလာတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးတာနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ညှင်းမော်၊ လေးသွန်းခံ၊ စပ်ပြဲနဲ့ဂေါ့အင်းကျေးရွာတို့က ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေပြီး တိုက်ပွဲအတွင်း လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.