မော်လမြိုင် ၊ နိုဝင်ဘာ ၁၈

မွန်ပြည်နယ်မှာ ကော်ဖီနဲ့ငရုတ်ကောင်း စိုက်ပျိုးကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက်တယ်လို့ စစ်ကော်မရှင် ဝါဒဖြန့်သတင်းစာမှာ ပါရှိပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ ပြုလုပ်တဲ့ စစ်ကော်မရှင် လက်အောက် ခံ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာက တာဝန်ရှိသူတွေအပြင် မြို့မိ မြို့ဖတွေနဲ့ တွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့တာပါ။

ဒါ့အပြင် စိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ မွန်ပြည်နယ်အတွင်း ငရုတ်ကောင်း စိုက်ပျိုးမှုကို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ပါက ဒေသနဲ့ နိုင်ငံရဲ့ စီးပွားရေး ပိုမိုတိုးတက်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

မွန်ပြည်နယ်မှာ စိုက်ပျိုးထားရှိပြီးဖြစ်တဲ့ ရော်ဘာ၊ မင်းကွတ်၊ ဒူးရင်းစတဲ့ နှစ်ရှည်ပင်တွေထဲမှာလည်း မြေနိမ့်ကော်ဖီကို သီးညှပ် စိုက်ပျိုးသွားမယ်ဆိုပါက ဝင်ငွေများစွာ တိုးတက် ဖြစ်ထွန်းလာစေမှာ ဖြစ်တယ်လို့ စစ်ကော်မရှင် ခေါင်းဆောင်က ဆိုပါတယ်။

စိုက်ပျိုးရေး လုပ်ငန်းရှင် တစ်ဦး ကတော့ စစ်အစိုးရ လက်ထက်ကတည်းက မွန်ပြည်နယ်ကို ငရုတ် ကောင်း မြို့တော် ဖြစ်ရမယ်လို့ ပြောပေမယ့် လက်ရှိအချိန်ထိ မဖြစ်လာသလို ကော်ဖီတွေအနေနဲ့ အပင်ကြီးတွေကြားမှာ စိုက်ပျိုးပါက အပင်ကြီးထွားမှု နည်းတာကို တွေ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ဟိုစစ်အစိုးရ လက်ထက်ကနေ စပြီးတော့ မွန်ပြည်နယ် ငရုတ်ကောင်း မြို့တော် ဖြစ်ရမယ်လို့တော့ ပြောတာပဲ ယနေ့ထိတော့ မဖြစ်သေးဘူး။ ကော်ဖီအနေနဲ့ကျတော့ တကယ့် ရော်ဘာအပင်ကြီးတွေကြားထဲမှာကျတော့ ရော်ဘာအမြစ်က တအားထွက်သွားတဲ့အခါကျတော့ စိုက်ဖို့အ တွက်က အပင်က ကြီးမယ် မကြီးဘူး ဆိုတာ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် ကျွန်တော် စိုက်တဲ့ ခြံတွေမှာ သွားပြီးတော့ လေ့လာကြည့်လိုက်တဲ့အခါကျတော့ အပင်ကြီးတွေ ကြားမှာဆိုလို့ရှိရင် အခုမှ ပြန်စိုက်တဲ့ အပင်တွေအတွက်က အပင်ကြီးထွားနှုန်းဟာ နည်းလိမ့်မယ်လို့တော့ ကျွန်တော် တွေ့ရတာပေါ့ဗျာ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်က ငရုတ်ကောင်းနဲ့ ကော်ဖီ စိုက်ပျိုး ခိုင်းပေမယ့် မွန်ပြည်နယ်မှာ ငရုတ် ကောင်းနဲ့ ကော်ဖီအတွက် ဈေးကွက် သီးခြားမရှိသလို အမှန်တကယ် ဝယ်ယူပေးသူရှိမှသာ အကျိုးရှိနိုင်တဲ့ စိုက်ပျိုးမှုဖြစ်မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင် ခေါင်းဆောင်ကတော့ သူစိုက်ပျိုးခိုင်းတဲ့ သီးပင်တွေကို စိုက်ပျိုးပါက စိုက် ပျိုးရေးအတွက် လိုအပ်တဲ့သုံးရေရရှိစေရေး အတွက်ပါ မြစ်ရေတင် စီမံကိန်းတွေကို ဆောင်ရွက် ပေးသွားမယ်လို့ ဆိုပါတယ်။

စိုက်ပျိုး‌ရေး လုပ်ငန်းရှင်တွေကတော့ ဒေသတွင်းမှာ ငရုတ်ကောင်းနဲ့ ကော်ဖီ စိုက်ပျိုးဖို့အတွက်ဆိုရင် ဒေသ မြေအမျိုးအစားနဲ့ ကိုက်ညီမှု ရှိမရှိ အရင်ဆုံး စမ်းသပ် စိုက်ပျိုးရမှာ ဖြစ်ပြီး မစမ်းသပ်ဘဲ စီးပွားဖြစ် စိုက်ပျိုးပါက ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ ဆိုကြပါတယ်။

မွန်ပြည်နယ်ဟာ ရော်ဘာနဲ့ စပါးကို အဓိက စိုက်ပျိုး ကြတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး တခြား နှစ်ရှည်ပင်တွေအနေနဲ့ ဒူးရင်း၊ ကျွဲကော၊ ကြက်မောက်၊ မင်းဂွတ်အပြင် ဟင်းသီးဟင်းရွက်တွေကိုလည်း တစ်နိုင်တစ်ပိုင်း စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.