ဘေဂျင်း၊ နိုဝင်ဘာ ၁၅
ထိုင်ဝမ် တိုက်ခိုက်ခံရရင် ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ပတ်သက်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ ပြောဆိုမှုတွေကြောင့် သံတမန်ရေး အငြင်းပွားမှု ဖြစ်ပေါ်နေပြီး တရုတ်က သူတို့နိုင်ငံသားတွေကို ဂျပန်သို့ ခရီးမသွားဖို့ အကြံပြုထားပါတယ်။
တရုတ်က သူတို့ပိုင်တယ်လို့ ပြောထားတဲ့ ထိုင်ဝမ်ကို ကျူးကျော် တိုက်ခိုက်လာရင် ဂျပန်လည်း ပါဝင်တိုက်ခိုက်လာနိုင်တယ်လို့ ဝန်ကြီးချုပ်် တာကာအီချီက နိုဝင်ဘာ ၇ ရက်မှာလွှတ်တော်သို့ ပြောကြားခဲ့တာပါ။

ဒီပြောဆိုမှုနဲ့ ပတ်သက်လို့ တရုတ်အရာရှိ တစ်ယောက်က ဂျပန်ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သတ်ပစ်မယ်လို့ လူမှုမီဒီယာမှာ ခြိမ်းခြောက်ခဲ့ပါတယ်။
အဲဒီ အွန်လိုင်းမှာ ခြိမ်းခြောက်ရေးသားမှုနဲ့ ပတ်သက်လို့ ဂျပန်က တရုတ် သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ဘေဂျင်းကလည်း ဂျပန် သံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
ဂျပန်နဲ့ ကီလိုမီတာ ၁၀၀ လောက်ပဲ ဝေးတဲ့ ထိုင်ဝမ်နဲ့ ပတ်သက်လို့ မိမိတို့ သဘောထား ရပ်တည်ချက်ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ တိုကျို အစိုးရက ပြောဆိုထားပါတယ်။

နိုဝင်ဘာ ၁၄ ရက်က ဂျပန်မှာ ရှိတဲ့ တရုတ်သံရုံးက တရုတ် နိုင်ငံသားတွေအနေနဲ့ ဂျပန်သို့ မလာကြဖို့ တိုက်တွန်း ရေးသားထားပါတယ်။
တရုတ်နိုင်ငံသားတွေအနေနဲ့ ဂျပန်မှာ ဘေးကင်းလုံခြုံရေး စိတ်မချရဘူးလို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
၁၉၄၅ ခုနှစ်အထိ ဆယ်စုနှစ်များစွာကြာအောင် ဂျပန် သိမ်းပိုက်ခဲ့တဲ့ ထိုင်ဝမ်ဟာ မိမိတို့ အပိုင်ဖြစ်ပြီး မိမိတို့ အုပ်ချုပ်မှုအောက်သို့ ပြန်လည်ထားရှိရေး အင်အားသုံးစရာလိုရင် အင်အားသုံးမှာ ဖြစ်ကြောင်း တရုတ်က ပြောဆိုထားပါတယ်။
တရုတ်နဲ့ ဂျပန်ဟာ ကုန်သွယ်ဖက်နိုင်ငံတွေ ဖြစ်ပေမယ့် နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု၊ ရာဇဝင်အရ မယုံကြည်မှု၊ သဘောထား ကွဲလွဲမှုတွေနဲ့ စစ်ရေး အသုံးစရိတ် တိုးမြှင့်မှုတွေနဲ့ ပတ်သက်လို့ မကြာခဏ ပြဿနာ ရှိနေပါတယ်။
Ref:AFP

