ဆိုးလ်၊ စက်တင်ဘာ ၂၇

မြောက်ကိုရီးယားဟာ အမေရိကန်ကို နျူကလီးယားလက်နက်နဲ့ ပစ်ခတ်နိုင်မယ့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေး နောက်ဆုံးအဆင့်ကို ရောက်ရှိနေပေမယ့် ကမ္ဘာ့လေထုထဲ ဝင်ရောက်တဲ့ နည်းပညာ ကျွမ်းကျင်ပိုင်နိုင်မှု မရှိသေးဘူးလို့ တောင်ကိုရီးယားသမ္မတက စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

နယူးယောက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေတဲ့ သမ္မတ လီဂျေးမြောင်ဟာ နယူးယောက် ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဝင်ရောက်လာစေဖို့ စီးပွားရေး အားကောင်းလာစေရေး မြောက်ကိုရီးယားနဲ့ ဆက်စပ်တဲ့ လုံခြုံရေးအန္တရာယ်တွေကို လျှော့ချသွားမယ်လို့ သမ္မတက ကတိပြုခဲ့တာပါ။

မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူးတပ်ဆင်ပြီး အမေရိကန်အထိ ပစ်ခတ်ရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ဆက်လက် တီထွင်နေတယ်လို့ သမ္မတ လီက ဆိုတာပါ။

သူတို့အနေနဲ့ အပြီးသတ် မအောင်မြင်သေးပေမယ့် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သလို ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်တဲ့ နည်းပညာလောက်ပဲ လိုတော့တယ်လို့ တောင်ကိုရီးယားသမ္မတက ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဆွေးနွေးနိုင်မယ့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ပဲ ဖြစ်တယ်လို့လည်း သမ္မတလီက ပြောပါတယ။

ဇွန်လမှာ စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ တောင်ကိုရီးယား သမ္မတက ပြုံယမ်းနဲ့ ဆက်ဆံရေး တိုးတက်စေဖို့ ကြိုးပမ်နေပြီး ကိုရီးယား နှစ်နိုင်ငံကြား ဆွေးနွေးဖို့ တိုက်တွန်းထားပေမယ့် မြောက်ကိုရီးယားက အဲဒီလို တိုက်တွန်းမှုတွေကို ပယ်ချထားပါတယ်။

မြောက်ကိုရီးယားကို အုပ်ချုပ်နေသူတွေဟာ သူတို့ရဲ့ အာဏာ ဆက်လက် တည်မြဲစေဖို့ လုံလောက်တဲ့ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားပြီး ဖြစ်ပုံရတာကြောင့် ပြည်ပသို့ ရောင်းချနိုင်တဲ့ နောက်ထပ် နျူကလီးယား လက်နက်တွေ မထုတ်လုပ်စေရေး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ သမ္မတ လီက တိုက်တွန်းထားပါတယ်။

နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး အမေရိကန်ရဲ့ တစိုက်မတ်မတ် တောင်းဆိုနေမှုကို ရုတ်သိမ်းလိုက်မယ်ဆိုရင် ဝါရှင်တန်နဲ့ ဆွေးနွေးမှုတွေကို ရှောင်ရှားနေစရာ အကြောင်းမရှိဘူးလို့ ကင်ဂျုံအန်က ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.