နယူးယောက်၊ စက်တင်ဘာ ၂၇

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။

အဲဒီလို အသိအမှတ်ပြုတဲ့ လုပ်ရပ်တွေဟာ ဂျူးလူမျိုးတွေ သတ်ဖြတ်ခံရမှု အတွက် စာရင်းရှင်းပြီး ဖြစ်တယ်ဆိုတဲ့ သတင်းစကားကို ပေးပို့လိုက်တဲ့ အရှက်ရစရာ အမှတ်အသား တစ်ခု ဖြစ်တယ်လို့ ဝန်ကြီးချုပ် နေတန်ညာဟုက ပြောဆိုခဲ့တာပါ။

သူက အဲဒီလို တိုက်ခိုက်ပြောဆိုချိန်မှာ ဒါဇင်နဲ့ချီတဲ့ အရာရှိတွေ၊ သံတမန်တွေ ထပြန်သွားကြတာကြောင့် အစည်းအဝေးခန်းမရဲ့ နေရာ အများကြီးမှာ လူမရှိ ဖြစ်သွားခဲ့ပါတယ်။

အပြင်ဖက် တိုင်းမ်စကွဲယား ရင်ပြင်မှာ ဆန္ဒပြသူတွေ စုဝေးပြီး ဂါဇာကို အစ္စရေး စစ်ပွဲဆင်နွှဲနေမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဂါဇာမှာ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစ္စရေးဟာ ကြီးမားတဲ့ နိုင်ငံတကာ ဖိအားအောက် ရောက်ရှိနေပြီး ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ သြစတြေးလျနဲ့ အခြားနိုင်ငံတွေက ပါလက်စတိုင်းကို နိုင်ငံအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်မှာ အသိအမှတ်ပြုခဲ့ပါတယ်။

မိန့်ခွန်း စပြောချိန်မှာ ဝန်ကြီးချုပ် နေတန်ညာဟုက အရှေ့အလယ်ပိုင်း ဒေသတဝန်းရှိ အီရန်ကိုယ်စားလှယ် အဖွဲ့တွေကို နာမည်ထိုး ပြထားတဲ့ကျိန်စာလို့ နာမည်ပေးထားတဲ့ မြေပုံတစ်ခုကို ပြသခဲ့ပါတယ်။

အဲဒီနောက် အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့နှစ်အတွင်း လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့၊ ယီမင်ရှိ ဟူသီ၊ ဂါဇာနဲ့ အီရန်ရှိ ဟားမာ့စ်အဖွဲ့တို့အပေါ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်း တင်ပြခဲ့ပါတယ်။

ဇွန်လက အီရန်ရဲ့ ဖာဒို နျူကလီးယား စက်ရုံကို ဗုံးကြဲတိုက်ခိုက်ရာမှာ အမေရိကန် ပါဝင်ပေးခဲ့တဲ့အတွက် သမ္မတ ဒေါ်နယ် ထရန့်ကို ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ် နေတန်ညာဟုက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက အစ္စရေးကို ဟားမာ့စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို သူက အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တိုက်ခိုက်မှုနဲ့ နှိုင်းယှဉ် ပြောဆိုပါတယ်။

အီရန်နဲ့ ဆက်စပ်တဲ့ အဖွဲ့တွေရဲ့ အမေရိကန် သေဆုံးရမယ်ဆိုတဲ့ ကြွေးကြော်သံတွေကို ဝန်ကြီးချုပ် နေတန်ညာဟုက ထောက်ပြပြီး မိမိတို့ နှစ်နိုင်ငံဟာ တူညီတဲ့ ရန်သူတွေကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုတာပါ။

အစ္စရေးအနေနဲ့ ပါလက်စတိုင်း နိုင်ငံ တည်ရှိခွင့် ပေးသွားမှာ မဟုတ်ဘဲ ဒီသဘောထားကို အစ္စရေးပြည်သူ အများစုက ထောက်ခံတယ်လို့ နေတန်ညာဟုက ပြောပါတယ်။

ဂါဇာမှာ အစ္စရေး လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကိုလည်း သူက ပယ်ချပြီး အခြေအမြစ် မရှိတဲ့ စွပ်စွဲချက် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.