မော်စကို၊ သြဂုတ် ၁၃

အမေရိကန်နဲ့ရုရှားသမ္မတတို့ တွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာ နယ်မြေတွေ စွန့်လွှတ်ရေး ယူကရိန်းအပေါ် ဖိအားပိုပေးဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အနေနဲ့ ယူကရိန်းအရှေ့ပိုင်း ကျောက်မီးသွေး မိုင်းတွင်းတွေရှိရာ ဒိုဘရိုပီလီယာမြို့ အနီးသို့ ရုရှားတပ်တွေ ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်လာပါတယ်။

ယူကရိန်းရဲ့ ဒွန်နက်စ်ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ မကြာသေးခင် ရက်ပိုင်းက နေရာနှစ်နေရာမှာ ရုရှားတပ်တွေက မြောက်ပိုင်းသို့ ၆ မိုင်လောက်အထိ ထိုးဖောက် တိုက်ခိုက်လာတယ်လို့ ယူကရိန်းစစ်ပွဲ အခြေအနေပြ မြေပုံမှာ သြဂုတ် ၁၂ ရက်က ဖော်ပြထားပါတယ်။

ရုရှားတပ်တွေက ခြေကုပ်နေရာရယူဖို့ အင်အားနည်းနည်းလေးနဲ့ ထိုးဖောက်တိုက်ခိုက်လာတာ ဖြစ်ပြီး ယူကရိန်းရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် ရုရှားတပ်တွေ အဲဒီနေရာမှာ ဆက်ပြီး တပ်စွဲထားနိုင်သေးသလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ စစ်ရေး လေ့လာသူတွေက ပြောပါတယ်။

ယူကရိန်းရဲ့လူအင်အား မရှိတဲ့ အခြေအနေကို အသုံးချပြီး ရုရှားက ပတ်ဝိုင်း ပိတ်ဆို့ဖို့ ကြိုးပမ်းနေတဲ့ ပိုကရော့ဗ်မြို့နဲ့ ကော့စ်ယန်တီနီကာမြို့တို့နဲ့ ဆက်စပ်နေတဲ့ ရှေ့တန်းစစ်မျက်နှာရှိ ကျေးရွာ သုံးရွာဆီ ရုရှားတပ်တွေ ထိုးဖောက်လာတာ ဖြစ်တယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

အခြေအနေက တော်တော်လေး ဝရုန်းသုန်းကားနိုင်ပါတယ်။ ခံစစ်ပိုင်း ဟာကွက်တွေကို ရန်သူက ရှာတွေ့သွားတာကြောင့် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နေပြီး အလျင်အမြန် ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေပါတယ်လို့ ယူကရိန်းအရာရှိတွေက ပြောထားပါတယ်။

သြဂုတ် ၁၅ ရက် အလက်စကားမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဖို့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီမှု တစ်ရပ် အတွက် ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

ရုရှားတပ်တွေ မထိန်းချုပ်နိုင်သေးတဲ့ ဒွန်နက်စ်ဒေသကို ယူကရိန်းက ရုရှားဆီ လွှဲအပ်ဖို့ ပူတင်က ထရန့်ဆီ တောင်းဆိုထားကြောင်း အတည်မပြုရသေးတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ရုရှားတပ်တွေဟာ နေရာ တချို့မှာ ၁၀ ကီလိုမီတာလောက်အထိ ထိုးဖောက်ဝင်ရောက်လာနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း အတည်ပြုထားပါတယ်။

ရုရှားတပ်တွေဟာ အချိန် သုံးရက်အတွင်း ယူကရိန်းမှာ ၁၇ ကီလိုမီတာလောက်အထိ ထိုးဖောက် ဝင်ရောက်လာနိုင်တယ်လို့ ဖင်လန် အခြေစိုက် စစ်ရေးလေ့လာသူ ပါစီ ပါရိုင်နင်က ပြောကြားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.