ဆိုးလ်၊ ဇူလိုင် ၂၈

သဘောထား အလယ်အလတ်ရှိတဲ့ တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်ရဲ့ ငြိမ်းချမ်းရေး မိတ်ဆက်စကားကို ပထမဆုံး တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားတဲ့ ညီမ ဖြစ်သူက တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေး အဆိုပြုချက် ဒါမှမဟုတ် ဘယ်မူဝါဒတွေကိုမှ စိတ်မဝင်စားဘူးလို့ ဇူလိုင် ၂၈ ရက်မှာပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား အာဏာရပါတီရဲ့ အကြီးတန်းအရာရှိနဲ့ နိုင်ငံ့ခေါင်းဆောင် ကိုယ်စားပြောဆိုသူလို့ ယုံကြည်ရသူ ကင်ယိုဂျောင်က တောင်ကိုရီးယာ -အမေရိကန် လုံခြုံရေးမဟာမိတ်ဖွဲ့မှုအပေါ် သမ္မတ လီရဲ့ ကတိထားမှုကြောင့် သူဟာ ရန်လိုတဲ့ သူ့ရဲ့ အရင် သမ္မတနဲ့ ဘာမှမခြားနားဘူးဆိုတာကို ဖော်ပြနေတယ်လို့ ပြောပါတယ်။

သဘောထားတင်းမာတဲ့ ကွန်ဆာဗေးတစ်သမ္မတ ယွန်ဆွတ်ခ်ယိုလ်ရဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ ကြိုးပမ်းမှုကြောင့် ထုတ်ပယ်ခံရပြီး ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လီဟာ ဇူလိုင် ၄ ရက်ကစလို့ သမ္မတ ရာထူးကို တာဝန်ယူခဲ့တာပါ။

သူက နှစ်များစွာအတွင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေတဲ့ တောင်နဲ့မြောက် ဆက်ဆံရေး တိုးတက်လာအောင် ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။

တင်းမာမှု လျှော့ချရေး ကြိုးပမ်းတဲ့အနေနဲ့ သမ္မတ လီက မြောက်ကိုရီးယား နယ်စပ်မှာ ထားရှိထားတဲ့ အသံချဲ့စက်တွေကို ပြန်ဖြုတ်ခိုင်းခဲ့ပြီး လက်ကမ်းစာစောင်တွေ ပြုံးယမ်းသို့ ပို့ဆောင်နေမှုကိုလည်း ရပ်တန့် ခိုင်းခဲ့ပါတယ်။

ကင်ယိုဂျောင်ရဲ့ ပြောဆိုမှုတွေက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရှိခဲ့တဲ့ ရန်လိုမှု၊ ထိပ်တိုက်တွေ့မှုဆိုင်ရာ မူဝါဒတွေရဲ့ ရလဒ်အဖြစ် တောင်နဲ့ မြောက်ကြား မယုံကြည်မှု တံတိုင်းဟာ မြင့်မားလွန်းနေကြောင်း ဖော်ပြနေတယ်လို့ တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယားအနေနဲ့ မြောက်ကိုရီးယားနဲ့ ပြန်လည် ရင်ကြားစေ့ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.