ကွာလာလမ်ပူ ဇူလိုင် ၂၈

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ဟာ တနင်္လာနေ့ (ဇူလိုင် ၂၈ ရက်) မှာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ယာယီထိုင်းဝန်ကြီးချုပ် ပွန်သမ် ဝီချာယာချိုင်းတို့အပြင် အမေရိကန်နဲ့ တရုတ် သံအမတ်တွေလည်း တက်ရောက်ကြတာပါ။

ပူးတွဲကြေညာချက်အရ အခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှားဟာ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု သေချာစေဖို့ လေ့လာသူအဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းရေး ပြင်ဆင်ထားကြောင်း သိရပါတယ်။

ကမ္ဘောဒီးယားနဲ့ ထိုင်းနှစ်နိုင်ငံလုံးဟာ လာမယ့် ဇူလိုင် ၂၈ ညသန်းခေါင်မှစတင်ကာ “ချက်ခြင်းနဲ့ ခြွင်းချက်မရှိ” အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ဘုံနားလည်မှုတစ်ခုရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ တင်းမာမှု လျော့ချရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပြန်လည်ရရှိစေရေးအတွက် အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်” လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့မှာလုပ်တဲ့ စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲအပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်ဖက် ဒေသဆိုင်ရာတပ်မှူးတွေရဲ့ အလွတ်သဘော တွေ့ဆုံပွဲကို မနက်ဖြန် ဇူလိုင် ၂၉ ရက် မနက် ၇ နာရီမှာ ကျင်းပဖို့ ရှိပါတယ်။ နှစ်ဖက်သဘောတူညီမှုရရှိမယ်ဆိုရင်တော့ နှစ်နိုင်ငံ ကာကွယ်ရေးသံမှူးတွေနဲ့ အာဆီယံ လက်ရှိ ဥက္ကဋ္ဌ မလေးရှားက ဦးဆောင်ကာ တွေ့ဆုံရေး စီစဉ်ထားပါတယ်။

အထွေထွေ နယ်ခြားကော်မတီ (GBC) အစည်းအဝေးကို လာမယ့် သြဂုတ် ၄ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

ဘန်ကောက်နဲ့ ဖနွမ်းပင်တို့ဟာလည်း တိုက်ရိုက်ဆက်သွယ်မှု ပြန်လည်စတင်ရေး သဘောတူညီခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု၊ အတည်ပြုမှုနဲ့ အစီရင်ခံမှုတို့အတွက် အသေးစိတ် ယန္တရားတစ်ခု ရေးဆွဲဖို့ ညွှန်ကြားထားကြပါတယ်။

ဒီအစည်းအဝေးမှာ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ရဲ့ တူညီတဲ့ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပြီး နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အခြေအနေကို လိုက်လျောညီထွေစွာ တည်တံ့ခိုင်မြဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အကောင်အထည်ဖော်ဖို့ ထပ်မံအတည်ပြုခဲ့ကြပါတယ်။၊

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.