မုန်း၊ ဇွန် ၂၈
ပဲခူးတိုင်း မုန်းမြို့နယ် လင်းရောင်ခင်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင်း အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က မုန်းမြို့နယ် ကညွတ်ကွင်းအခြေစိုက် စစ်ကောင်စီတပ်စခန်းကနေ လင်းရောင်ခင်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လင်းရောင်ခင်ကျေးရွာသို့ ရောက်ရှိနေတဲ့ ခြောက်အိမ်စုကျေးရွနေ အသက် ၃၀ အရွယ် မဟန်နီစိုးနဲ့ ကညင်တဲကျေးရွာနေ အသက် ၂၀ အရွယ် မောင်ဘုန်းချစ်နိုင်တို့ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုဟာ အရပ်သားပြည်သူလူထုတွေ နေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု ဖြစ်တယ်လို့ KNU က ဆိုထားပါတယ်။
ဒီလက်နက်ကြီး ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

