ကျောက်မဲ၊ ဇွန် ၂၈
ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိူသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဇွန် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ ည ၁၂ နာရီခွဲအချိန်ခန့်မှာ ကျောက်မဲမြို့ ရပ်ကွက် ၇ ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၂၅ဝ ဗုံး နှစ်လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် ၇ နေ အသက် ၄၉ နှစ်အရွယ် ဒေါ်မိုးစုနောင် သေဆုံးခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ကိုဖြိုးသန်းကျော် နဲ့ အသက် ၁၇ နှစ်အရွယ် ကိုဇော်ထူးလင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
တစ်ဖက်မှာလည်း နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး ၇၀ နဲ့ ဒရုန်းနဲ့ ဗုံး ၃၂ လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့ကလည်း ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦးအပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅၀ နီးပါး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

