ဝါရှင်တန်၊ ဇွန် ၂၄

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ မေတ္တာရပ်ခံအဆိုပြုချက်ကြောင့် ၁၂ ရက်ကြာ နှစ်ဖက်စစ်ပွဲအတွက် အပစ်ရပ်ရေး သဘောတူညီလိုက်ပြီလို့ အီရန်နဲ့အစ္စရေးနိုင်ငံတွေက တရားဝင်အတည်ပြု ကြေညာပါတယ်။

နှစ်နိုင်ငံကြား လုံးဝ အပစ်ရပ်ပြီ ဖြစ်ကြောင်း ထရန့်က Truth Social ပေါ်မှာ ရေးသား ဖော်ပြခဲ့ပြီးနောက် အီရန်နိုင်ငံပိုင် TV IRINN ကလည်း အပစ်ရပ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အစ္စရေးအစိုးရကလည်း ထရန့်ရဲ့အဆိုပြုချက်ကြောင့် အပစ်ရပ်မှု သဘောတူလိုက်ကြောင်းနဲ့ ဒါပေမယ့် အပစ်ရပ်မှု ချိုးဖောက်ရင် မလွှဲမရှောင်သာ တုံ့ပြန်ရပါလိမ့်မယ်လို့ ကြေညာပါတယ်။

အပစ်ရပ်မှု မကြေညာခင် အီရန်က ဒုံးကျည်တွေနဲ့စတုတ္ထလှိုင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

အီရန်က သူတို့ ခြိမ်းခြောက်ထားတဲ့အတိုင်း ကာတာနိုင်ငံရှိ အမေရိကန် လေတပ်အခြေစိုက် စခန်းကို ဇွန် ၂၃ ရက်မှာ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အီရန်ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ကာတာက ပြောပါတယ်။

ဇွန် ၂၄ ရက် နံနက်ပိုင်းမှာ အီရန်ရဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

အီရန်ဟာ မိမိတို့နိုင်ငံ တည်ရှိမှုကို ခြိမ်းခြောက်နေတယ်လို့ အစ္စရေးက ပြောကြားပြီး ဇွန် ၁၃ ရက်က အီရန် စစ်ဖက်ဆိုင်ရာ တည်နေရာတွေနဲ့ နျူကလီးယားစက်ရုံတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်က အီရန်ရဲ့ မြေအောက် နျူကလီးယား စက်ရုံတွေကို ပေါင် ၃၀၀၀၀ ဗုံးတွေ သုံးပြီး တိုက်ခိုက်ခဲ့တာပါ။

မိမိတို့အနေနဲ့ ဘယ်နိုင်ငံကိုမှ အကြမ်းဖက် တိုက်ခိုက်မှု မရှိသလို မိမိတို့ကို အကြမ်းဖက် တိုက်ခိုက်တာကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောပါတယ်။

ကာတာရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းကို အီရန်က ဒုံးကျည် ၁၄ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထရန့်က ပြောပြီး အရမ်း အားနည်းတဲ့ တုံ့ပြန်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်အမေရိကန် နိုင်ငံသားမှ ထိခိုက်မှု မရှိသလို ပျက်စီးဆုံးရှုံးမှုလည်း မရှိတာကို ကြားသိရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

Ref:Reuters/AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.