ဘန်ကောက်၊ ဇွန် ၂၄

ကမ္ဘောဒီးယား နယ်စပ်ပြဿနာကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းအစိုးရက ဝန်ကြီးများအဖွဲ့ အပြောင်းအလဲ ပြုလုပ်ရေး ရှေ့ဆက် ဆောင်ရွက်သွားမယ်လို့ ဇွန် ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

နှစ်နိုင်ငံကြား တင်းမာမှု ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပြီး အိမ်နီးချင်း နှစ်နိုင်ငံဟာ ပါးကိုက်ရင် နားပြန်ကိုက်မယ်ဆိုတဲ့ အစီအစဉ်တွေ အပြန်အလှန် လုပ်ဆောင်နေကြပါတယ်။

ထိုင်း ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ တင်သွင်းမှုကို ကမ္ဘောဒီးယားက ရပ်ဆိုင်းထားပြီး ဇွန် ၂၃ ရက်က စတင်အသက်ဝင်ခဲ့ ပါတယ်။

ဘန်ကောက်မှာ အစိုးရညွှန့်ပေါင်းအဖွဲ့ကနေ ဒုတိယအကြီးမားဆုံး ပါတီဖြစ်တဲ့ ဘွမ်ဂျိုင်ထိုင်းပါတီ နုတ်ထွက်လိုက်တာကြောင့် ဝန်ကြီးချုပ် ပေသွန်ထန်အနေနဲ့ အာဏာတည်တံ့ရေး အန္တရာယ် ကျရောက်နေပါတယ်။

အခုသီတင်းပတ်အတွင်း ဝန်ကြီးများအဖွဲ့ နေရာ အပြောင်းအလဲ လုပ်ပြီးနောက် မိမိတို့ အစိုးရအဖွဲ့ အားကောင်းကောင်းနဲ့ ရှေ့ဆက်နိုင်လိမ့်မယ်လို့ ရာနှုန်းပြည့် ယုံကြည်ကြောင်း လက်ထောက်ဝန်ကြီးချုပ် ပွမ်သန် ဝီချာယာချိုင်က ပြောပါတယ်။

ဝန်ကြီးများအဖွဲ့ နေရာ အပြောင်းအလဲ ပြုလုပ်မှုကို ဇွန် ၂၇ ရက် အတွင်း အပြီးသတ်ဆောင်ရွက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ကာကွယ်ရေးဝန်ကြီး အပါအဝင် အဓိကဝန်ကြီး နေရာတွေကို အပြောင်းအလဲ လုပ်သွားမယ်လို့ ဆိုပါတယ်။

ကာလကြာရှည် ရှိနေခဲ့တဲ့ နယ်စပ်အငြင်းပွားမှုနဲ့ ပတ်သက်လို့ နိုင်ငံရေး အတွေ့အကြုံ မရှိသူ အသက် ၃၈ နှစ်အရွယ် ဝန်ကြီးချုပ် ပေသွန်ထန်နဲ့ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ်ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးဖို့ ရှပ်ဝါတွေက လမ်းပေါ်ထွက် တောင်းဆိုနေကြပေမယ့် ပေသွန်ထန်ရဲ့ ဖူထိုင်းပါတီက ညွှန့်ပေါင်းအဖွဲ့ လက်ကျန်ပါတီတွေကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

လက်ရှိ အခြေအနေအရ ထိုင်းမှာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဆက်လက် ဖြစ်ပေါ် လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေက ခန့်မှန်းထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.