မော်လမြိုင် ဇွန် ၂၄

တနင်္သာရီတိုင်း ထားဝယ်စီးပွားရေးဇုန်မှာ ၆၆၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မယ့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ဖို့ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်မှာ ရုရှားနဲ့ စစ်ကောင်စီတို့ကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ရုရှားကုမ္ပဏီတွေကို ဆွဲဆောင်နိုင်ဖို့ မြန်မာဘက်က အဆင်သင့်ဖြစ်နေတာကို ဂရုပြုမိတဲ့အကြောင်း ရုရှား စီးပွားရေးဝန်ကြီး မက်ဆင် ရီရှက်နီကော့က ပြောပြီး စိန့်ပီတာစဘတ်မြို့မှာ စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာပါ။

သဘောတူညီချက်အရ မဂ္ဂါဝပ် ၆၆၀ ထုတ်နိုင်မယ့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် စီမံကိန်းတွေကို အရှိန်အဟုန်မြှင့် ကူညီပေးမယ်လို့ ရုရှားဘက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်မှာ ဖြုတ်ချခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ဟာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်လာခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတွင်း ပဋိပက္ခတွေ၊ စီးပွားရေး ချွတ်ခြုံကျမှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး နိုင်ငံ့လူဦးရေ ၅၅ သန်းရဲ့ သုံးပုံတစ်ပုံဟာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့မတ်လမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာတော့ ထားဝယ်စီးပွားရေးဇုန်မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ရေး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေအရ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ သတ္တုလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေအပါအဝင် နယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေမှာဖြစ်ကြောင်း ရုရှားက ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.