ဆိုးလ်၊ ဇွန် ၂၄
စစ်တပ်ကို ကြပ်မတ်မှု အားကောင်းအောင် လုပ်ဆောင်ရေး တောင်းဆိုမှုတွေ ပိုများလာပြီးနောက် တောင်ကိုရီးယားအစိုးရက နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကာကွယ်ရေးဝန်ကြီး ရာထူးမှာ အရပ်သား တစ်ဦးကို ဇွန် ၂၄ ရက်မှာ ခန့်အပ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း သမ္မတဟောင်း ယောင်ဆွတ်ယိုလ်က စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ ကြိုးပမ်းမှု မအောင်မြင်ဖြစ်ပြီး ထုတ်ပယ်ခံရပြီးနောက်မှာ ကာကွယ်ရေးဝန်ကြီးရာထူးအတွက် ပထမဆုံး အရပ်သား တစ်ဦးအား ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဝါရင့်လွှတ်တော် အမတ် အန်ဂူးဘက်ဟာ ၆၄ နှစ်အတွင်း ကာကွယ်ရေး ဝန်ကြီးဌာနကို ဦးဆောင်မယ့် ပထမဆုံး အရပ်သား ဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီး ခန်ဟောင်ဆစ်က ဇွန် ၂၃ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ကာကွယ်ရေးဝန်ကြီးအနေနဲ့ အထူးသဖြင့် စစ်အုပ်ချုပ်ရေး ဥပဒေကြေညာမှုမှာ ပါဝင်ပတ်သက်မှု အပါအဝင် စစ်တပ်ကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သမ္မတရုံးက ပြောပါတယ်။
လက်ရှိ သမ္မတ လီဂျေးမြောင်က သူ့ရဲ့ မဲဆွယ်ကာလအတွင်း ကာကွယ်ရေးဝန်ကြီးနေရာမှာ အရပ်သား တစ်ဦးကို ခန့်အပ်မယ်လို့ ကတိပေးခဲ့ပါတယ်။

သမ္မတဟောင်း ယွန်ရဲ့ လက်ထက်က ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ ကင်ယောင်ဟွန်ဟာ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံထားရပါတယ်။
အရင် လစ်ဘရယ်အစိုးရတွေက ကာကွယ်ရေးဝန်ကြီး ရာထူးအတွက် အရပ်သား တစ်ဦး ခန့်အပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မြောက်ကိုရီးယားရဲ့ အန္တရာယ်ကို အကြောင်းပြုပြီး အဲဒီ ရာထူးမှာ အရပ်သား ခန့်အပ်ဖို့ ကြိုးပမ်းမှုတွေ မအောင်မြင် ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
Ref:AFP

