နယူးယောက်၊ ဇွန် ၂၃
အီရန် နျူကလီးယားစက်ရုံတွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် လက်စားချေမှု၊ ဖျက်ဆီးမှုသံသရာ နောက်တစ်ခါ မလည်လာစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ဇွန် ၂၃ ရက်မှာ သတိပေးလိုက်ပြီး ဒေသတွင်း အန္တရာယ်ရှိတဲ့ အလှည့်အပြောင်း ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေး အရှိန်မြင့်တက်လာမှု မှန်သမျှကို မိမိအနေနဲ့ အကြိမ်ကြိမ် ရှုတ်ချခဲ့ကြောင်း ကုလ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ အတွင်းရေးမှူးချုပ်က ပြောလိုက်တာပါ။

“ဒေသတွင်းက လူထုအနေနဲ့ နောက်ထပ် တစ်ခါ ဖျက်ဆီးမှုသံသရာနဲ့ ကြုံတွေ့လို့ မရပါဘူး။ နောက်ထပ် ကျွန်တော်တို့ အခုအချိန်မှာ လက်စားချေပြီးရင်း ပြန်ချေတဲ့ အခြေအနေ ရောက်နိုင်တဲ့ အန္တရာယ်ရှိနေပါတယ်” လို့ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်ဇ်က ပြောပါတယ်။
နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ IAEA ညွှန်ကြားရေးမှူး ရာဖေးလ် ဂရော့စီက စစ်ပွဲ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်ကြောင်း ပြောကြားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဆွေးနွေးဖို့နဲ့ သံတမန်လမ်းကြောင်းအတိုင်း သွားဖို့ အခွင့်အလမ်း ရှိနေသေးပြီး အဲဒီ အခွင့်အလမ်း ပျောက်ကွယ်သွားရင်တော့ ဖျက်ဆီးမှု အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ စဉ်စားလို့ မရနိုင်တဲ့ အခြေအနေအထိ ရောက်ရှိလာနိုင်တယ်လို့ ညွှန်ကြားရေးမှူး ဂရော့စီက ပြောထားတာပါ။

ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်တို့က အီရန်မှာ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ ဇွန် ၂၂ ရက်က တိုက်တွန်း ပြောဆိုထားပါတယ်။
အဲဒီ တိုက်တွန်းချက်ကို ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီးက ပယ်ချထားပါတယ်။
သီးခြားအနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာတဝန်းမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။
ဒီအတောအတွင်း အစ္စရေးနဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို ဇွန် ၂၂ ရက်က စတင်ပြီး ဘေးကင်းရာ စတင်ပြောင်းရွှေ့နေပြီ ဖြစ်ပါတယ်။
Ref: AFP

