ဝါရှင်တန်၊ ဇွန် ၂၃
အီရန်ရဲ့ နျူကလီးယား တည်နေရာတွေကို ဝါရှင်တန်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဟောမု့ဇ် ရေလက်ကြားကို အီရန် မပိတ်ဆို့ရေး နားချပေးဖို့ တရုတ်ကို ဇွန် ၂၂ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
တစ်ကမ္ဘာလုံးမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီးဆင်းမှုရဲ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ဖို့ အီရန်လွှတ်တော်က ခွင့်ပြုထားကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပြီးနောက် Fox News သတင်းဌာနရဲ့ အစီအစဉ်တစ်ခုမှာ ဝန်ကြီး ရူဘီယိုက အခုလိုမျိုး ပြောကြားသွားတာ ဖြစ်ပါတယ်။

တရုတ်အနေနဲ့ အဲဒီရေလက်ကြားကို အများကြီး မှီခိုနေရတာကြောင့် အီရန်က မပိတ်ဆို့ရေး နားချပေးဖို့ ဘေဂျင်းအစိုးရကို တိုက်တွန်းလိုကြောင်း ဝန်ကြီး ရူဘီယိုက ပြောတာပါ။
အဲဒီ ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်မယ်ဆိုရင် မိမိတို့ စီးပွားရေးထက် တခြား နိုင်ငံတွေရဲ့ စီးပွားရေး ပိုအထိနာနိုင်တယ်လို့ သူက ပြောပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်လိုက်မယ်ဆိုရင် အမေရိကန် အပြင် တခြား နိုင်ငံတွေပြင်းပြင်းထန်ထန် တုံ့ပြန်ကြမှာ ဖြစ်ပြီး တင်းမာမှု အရှိန် ကြီးကြီးမားမား မြင့်တက်လာနိုင်တယ်လို့ ဝန်ကြီး ရူဘီယိုက ပြောဆိုခဲ့တာပါ။

ဝါရှင်တန်ရှိ တရုတ်သံရုံးကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန် ဖြေကြားမှု မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အီရန်ရဲ့ အဓိက နျူကလီးယားစက်ရုံတွေကို ဘန်ကာဖျက်ဗုံးတွေ၊ စစ်လေယာဉ် ၁၂၅ စီး အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့် အီရန် နျူကလီးယားစက်ရုံတွေရဲ့ ထိခိုက်ပျက်စီးမှုအတိုင်းအတာကို ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ကုလသမဂ္ဂ အဏုမြူအေဂျင်စီက ပြောထားပါတယ်။
တီဟီရန်က လက်စားပြန်ချေမယ်လို့ ကြွေးကြော်ထားပြီးနောက် လက်စားချေမှု တစ်ခုခု လုပ်ရင် အီရန်အနေနဲ့ သူတို့ လုပ်ဖူးသမျှထဲမှာ အကြီးမားဆုံး အမှား ဖြစ်လိမ့်မယ်လို့ ဝန်ကြီး ရူဘီယိုက သတိပေးထား ပါတယ်။
အမေရိကန်အနေနဲ့ အီရန်နဲ့ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
Ref:Reuters

