အစ္စလာမ်မာဘက်၊ ဇွန် ၂၃

အိန္ဒိယနဲ့ပါကစ္စတန်ကြား ပဋိပက္ခကို အဆုံးသတ်စေရေး ကူညီပေးခဲ့တဲ့ အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လိုချင်တယ်ဆိုတဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းပေးသွားမှာ ဖြစ်ကြောင်း ပါကစ္စတန်က ပြောကြားလိုက်ပါတယ်။

ပါကစ္စတန်က အခုလိုမျိုး ပြောကြားပြီးနောက် အီရန်ကို အမေရိကန်က တိုက်ခိုက်မှုကြောင့် သဘောထား ပြောင်းလဲသွားမလားဆိုကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အစ္စရေးက အီရန် နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်မှုအပေါ် ပါကစ္စတန်က ရှုတ်ချထားပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောထားပါတယ်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ ရန်ဖက် အိမ်နီးချင်းနှစ်နိုင်ငံကြားလေးရက်ကြာ စစ်ပွဲ အဆုံးသတ်အောင် သူကူညီပေးခဲ့တယ်လို့ ထရန့်က ပြောကြားထားပြီး နျူကလီးယား စစ်ပွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို တားဆီးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် သူ့ကို နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် ထောက်ခံပေးသင့်တယ်လို့ ထရန့်က ပါကစ္စတန်ကို ပြောခဲ့တာပါ။

သူ့ရဲ့ ပြောဆိုချက်ကို အိန္ဒိယက ပယ်ချပြီး မိမိတို့ နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရတာဟာ နှစ်နိုင်ငံ စစ်တပ်ကြား ဆွေးနွေးညှိနှိုင်းမှုကြောင့် ဖြစ်တယ်လို့ ပြောထားပါတယ်။

နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်း တင်သွင်းမှုတွေကို ကမ္ဘာတဝန်းက အစိုးရ အဖွဲ့တွေက ပြုလုပ်နိုင်ပါတယ်။

ပါကစ္စတန်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ နယူးဒေလီအစိုးရက မှတ်ချက် မပြုသေးဘဲ ဝါရှင်တန်ကလည်း မတုံ့ပြန်သေးပါဘူး။

ကက်ရှ်မီးယားဒေသနဲ့ပတ်သက်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြား အငြင်းပွားမှုကို ပြေလည်အောင် ကြားဝင် ဖြေရှင်းပေးလိုတယ်လို့ ထရန့်က အကြိမ်ကြိမ် ပြောထားပါတယ်။

ကက်ရှ်မီးယားဒေသမှာ ဟိန္ဒူခရီးသွားတွေကို စစ်သွေးကြွတွေက ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် အိန္ဒိယနဲ့ ပါကစ္စတန်ကြား လေးရက်ကြာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.