ကုလသမဂ္ဂ၊ ဇွန် ၂၁
အီရန်နိုင်ငံ တောင်ပိုင်း ဘူချာမြို့ရှိ နျူကလီးယားစက်ရုံကို အစ္စရေး တိုက်ခိုက်မယ်ဆိုရင် အရှေ့ အလယ်ပိုင်းမှာ နျူကလီးယား ကပ်ဆိုး တစ်ခု ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ကုလသမဂ္ဂ အဏုမြူ စွမ်းအင် စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက ဇွန် ၂၀ ရက်မှာ သတိပေး ပြောလိုက်ပါတယ်။
အစ္စရေးက အီရန်ကို တိုက်ခိုက်မှုတွေကြောင့် လောလောဆယ် ရေဒီယို သတ္တိကြွမှု ဖြစ်ပေါ်တာတွေ မရှိသေးပေမယ့် အထူးသဖြင့် ဘူချာ စက်ရုံကို တိုက်ခိုက်ရင် ဖြစ်လာနိုင်တဲ့ အန္တရာယ် မြင့်မားနေတယ်လို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA အကြီးအကဲ ရာဖေးလ် ဂရော့စီက ပြောပါတယ်။

ဒေသတွင်း နိုင်ငံတွေက မိမိကို ဆက်သွယ်ပြီး ဒေသတွင်း နျူကလီးယားအန္တရာယ် ကျရောက်လာမှာကို စိုးရိမ်ကြောင်း ပြောကြားခဲ့ကြတယ်လို့ အကြီးအကဲ ရာဖေးလ်က ပြောပါတယ်။
ဘူချာမြို့ရှိ နျူကလီးယားစက်ရုံကို တိုက်ရိုက် ထိမှန်ခဲ့မယ်ဆိုရင် ဒေသတွင်း ရေဒီယိုသတ္တိကြွမှုတွေ အများကြီး ဖြစ်လာနိုင်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
အီရန်တောင်ပိုင်းမှာ တည်ရှိတဲ့ ဘူချာ နျူကလီးယားဓာတ်ပေါင်းဖိုဟာ အရှေ့အလယ်ပိုင်းရဲ့ ပထမဆုံး အရပ်ဖက် နျူကလီးယားစက်ရုံ ဖြစ်ပြီး နျူကလီးယား ပစ္စည်းတွေ ကီလို ထောင်ချီ ရှိပါတယ်။

အဲဒီ စက်ရုံကို တိုက်ရိုက် ထိမှန်တာပဲဖြစ်ဖြစ် စက်ရုံသို့ လျှပ်စစ်ဓာတ်ပေးပို့တဲ့ လိုင်းထိခိုက် ပျက်စီးတာပဲ ဖြစ်ဖြစ် နျူကလီးယား အရည်ပျော်မှု ဖြစ်လာနိုင်တယ်လို့ ဂရော့စီက သတိပေးထားပါတယ်။
အဆိုးရွားဆုံး ဖြစ်လာရင် ဘူချာစက်ရုံနဲ့ ကီလိုမီတာ ရာနဲ့ချီတဲ့ ဒေသတွင်း ဘေးကင်းရာ ပြောင်းရွှေ့ရေးညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ လိုအပ်မယ်လို့ သူက ပြောပါတယ်။
အဲဒီ စက်ရုံဟာ ကမ္ဘာ့စီးပွားရေးရဲ့ အရေးကြီးတဲ့ နှလုံး သွေးကြော အနားမှာ တည်ရှိတာကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်လာရင် အခြေအနေ ဆိုးရွားနိုင်ပါတယ်။
Ref:AFP

