နယူးယောက်၊ ဇွန်၂၁

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေကို စစ်တပ်က အသက်သွင်းလိုက်ပြီးနောက် စုဆောင်းထားတဲ့ စစ်သားသစ်တွေအပါအဝင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က စစ်သားသစ် ခေါ်ယူမှုနဲ့ ကလေးစစ်သား အသုံးပြုမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဇွန် ၂၀ ရက်မှာ ပြောကြား လိုက်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြား ကလေးသူငယ်တွေအပေါ် ပြင်းထန်တဲ့ဥပဒေ ချိုးဖောက်မှု ၂၁၃၈ မှု ရှိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ ၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက် အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။

နောက်ထပ် အလားတူ ဥပဒေချိုးဖောက်မှု ၁၂၀၀ ကျော် ရှိနေသေးပြီး အတည်ပြုဖို့ လိုအပ်နေသေးတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အသက် ၁၂ နှစ်အထိ ငယ်ရွယ်တဲ့ ကလေးတွေကို စစ်သားသစ်အဖြစ် ခေါ်ယူမှုပေါင်း ၁၈၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂက အတည်ပြုထားပါတယ်။

စစ်ကောင်စီက လက်စားချေမှာ ကြောက်စိတ်နဲ့ လေ့လာစောင့်ကြည့်ရေး စိန်ခေါ်မှုတွေ ရှိနေတာကြောင့် အဲဒီလို ဥပဒေချိုးဖောက်တဲ့ ဖြစ်ရပ်တွေ လူမသိသူမသိ ရှိနေနိုင်သေးတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

စစ်တပ်က ကလေးတွေကို ရှေ့တန်းပို့နေပြီး လမ်းပြအဖြစ်၊ ကုန်ထမ်းသမားအဖြစ်၊ လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

၂၀၁၂ ခုနှစ် အတွင်း မြန်မာစစ်တပ်က ကလေးတွေကို စစ်သားသစ်အဖြစ် စုဆောင်မှု အဆုံးသတ်ဖို့နဲ့ ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ရေး ပူးတွဲ သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ စစ်တပ်နဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေအနေနဲ့ ကလေးငယ်တွေကို အသုံးချမှု ရပ်တန့်ရေး ဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှသုတေသီ ချေနာ ဘော်ချနာက တိုက်တွန်းပြောကြားထားပါတယ်။

Ref: Eurasia Review

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.